နေပြည်တော် ဇူလိုင် ၂
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ယမန်နေ့ညပိုင်းမှစ၍
လူအုပ်စုအချို့ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့်
လုံခြုံရေး အဖွဲ့က လူစုခွဲခဲ့ရပြီး ယခုအခါ အဆိုပါ နေရာများ၌ လုံခြုံရေးဆောင်ရွက်ထားကြောင်း
သိရှိရသည်။
နေပြည်တော်ပျဉ်းမနားရဲတပ်ဖွဲ့က (ပ)၂၉၃/၂၀၁၄၊
ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား သော ပြစ်မှုကျူးလွန်သူ နေ၀င်း ပိုင်ဆိုင်သည့် ၂၇ လမ်းနှင့်
၈၂ လမ်းထောင့်ရှိ “ဆန်း”ကဖေးလက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၁ ရက် ည ၇ နာရီခွဲခန့်တွင် လူစုလူဝေးများ
ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့က ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရာ ညဉ့်ဦးပိုင်းတွင် လူစုကွဲသွား ခဲ့သည်။
ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ယင်းလက်ဖက်ရည်ဆိုင်အနီး၌
လူအင်အား
ပြန်လည်များပြားလာ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိထိန်းသိမ်းခဲ့သော်လည်း ၂၆ လမ်းနှင့်
၈၆ လမ်းထောင့်တွင် လူအင်အား ပိုမိုများပြားလာပြီး
အုတ်ခဲကျိုး၊ ပုလင်းခွံ များဖြင့် လမ်းဘေးနေအိမ်ဝင်းထရံများအား ပစ်ပေါက်ကြသဖြင့်
လုံခြုံရေးတပ်ဖွဲ့က အတားအဆီးများချ၍ ထိန်းသိမ်းပိတ်ဆို့ခြင်း၊ အဓိကရုဏ်းထိန်းသိမ်းရေးသုံး
ရော်ဘာ ကျည် သုံးချက် ပစ်ဖောက်၍ လူစုခွဲခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။
ည ၁၁ နာရီခွဲခန့်တွင် ၂၆ လမ်းနှင့် ၈၃
လမ်းထောင့်၌ လူအုပ်စုများက နေအိမ်အချို့အား ခဲဖြင့် ပစ်ပေါက်ပြီး လမ်းဘေးရပ်ထားသော
မော်တော်ယာဉ် သုံးစီးအား ကားမှန်ထုခွဲသဖြင့် လုံခြုံရေးအဖွဲ့က ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ယင်းနောက် ဇူလိုင် ၂ ရက် နံနက် ၂ နာရီခန့်တွင်
လူအင်အား (၄၅၀)ခန့်က ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် တုတ်၊ ဓားများ ကိုင်ဆောင်၍ အော်ဟစ်ဆူပူနေသဖြင့်
လုံခြုံရေးအဖွဲ့က ထိန်းသိမ်းလူစုခွဲခဲ့ရသကဲ့သို့ နံနက် ၃ နာရီခန့်တွင် ၂၆ လမ်း၊ ၈၃
နှင့် ၈၈ လမ်းကြားတွင် ရပ်ထားသော ဟိုင်းလပ်စ် မော်တော်ယာဉ်တစ်စီးအား မီးရှို့မှု ကြောင့်
မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ ယခုအခါ အဆိုပါနေရာများ၍ လုံခြုံရေးတပ်ဖွဲ့က
နေရာဖြန့်ခွဲပြီး လုံခြုံရေးရယူထိန်းသိမ်းထားကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ
သတင်းရရှိသည်။
No comments:
Post a Comment