Wednesday, July 30, 2014

အကောက်ခွန်မဲ့ ပင်လယ်စာ၊ အေးခဲအသား၊ အေးခဲအဆီဘူးများအား မြေမြှုပ်ဖျက်ဆီး

ရန်ကုန် ဇူလိုင် ၂၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် နယ်စပ်ကုန်သွယ်မှုနည်းလမ်းဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရှာဖွေပေး လျက်ရှိသော အဓိကပင်မဝင်ထွက်ပေါက်တစ်ခုဖြစ်သည်။ ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Mobile Team အဖွဲ့ ဖွဲ့စည်းပြီး တရားမဝင်ကုန်သွယ်မှုများ တားဆီးဆောင်ရွက်လျက်ရှိသလို ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးတာဝန်များကို အထောက် အကူပြုဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်စခန်းမှ Mobile Team အဖွဲ့သည် ဇူလိုင် ၁၄ ရက် ည ၇ နာရီတွင် မူဆယ်မှ မန္တလေး ဘက်သို့ထွက်ခွာသော ကင်တာအမျိုးအစား ယာဉ်နှစ်စီးအား စစ်ဆေးရာ FDA စစ်ဆေးခွင့် ပြုထားခြင်းမရှိသည့် တရားမဝင် အကောက်ခွန်မဲ့သယ်ဆောင်လာ သည့် ကြက်အဆီဘူး၊ အေးခဲအသားများ၊ ပင်လယ်စာအေးခဲအသားများ၊ အေးခဲကြက်သားများ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်ဆီးနိုင်ရန် မြို့နယ်အကောက်ခွန်သို့ လွှဲပြောင်းပေးခဲ့သည်။

Mobile Team အဖွဲ့မှ ဖမ်းဆီးခဲ့သည့် တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများတွင် ပြည်သူလူထု စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်များ အများအပြားပါရှိခဲ့ရာ အေးခဲပင်လယ်စာ၊ ကြက်အဆီဘူးနှင့် အေးခဲကြက်သား များ တန်ဖိုးငွေကျပ် ၁၆၂ သိန်းကျော်ခန့်အား ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ဖျက်ဆီးရေးကွင်း၌ မြေမြှုပ်ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment