Thursday, July 31, 2014

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ၏ သတင်း ထုတ်ပြန်ချက်ပါ အချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်လည်တုံ့ပြန်သည့် သတင်း ထုတ်ပြန်ချက်

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ပြုလုပ်လျက်ရှိရာတွင် ပြည်သူများ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကိုလည်း ဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ဤဦးစားပေး ဆောင်ရွက်ချက်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ သို့ဖြစ်ရာ မစ္စရန်ဟီလီသည် သူမ၏ မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် (၁၆ - ၇ - ၂၀၁၄) ရက်နေ့မှ (၂၆ - ၇ - ၂၀၁၄) ရက်နေ့ အထိ (၁၀) ရက်ကြာ ခရီး လာရောက်ခဲ့ ပါသည်။

မြန်မာနိုင်ငံတော် အစိုးရသည် မစ္စရန်ဟီလီမှ မေတ္တာရပ်ခံခဲ့သည့် သွားရောက်လေ့လာ ကြည့်ရှုလိုသည့် နေရာများ၊ တွေ့ဆုံလိုသူများ အားလုံးကို သွားရောက် တွေ့ဆုံနိုင်စေရန် အပြည့်အဝ ပူးပေါင်းညှိနှိုင်း စီစဉ်ပေးခဲ့ပါသည်။
ခရီးစဉ်အတွင်း မစ္စရန်ဟီလီသည် ရန်ကုန်၊ စစ်တွေ၊ မောင်တော၊ ဗန်းမော်၊ မြစ်ကြီးနား၊ မန္တလေးနှင့် နေပြည်တော်များသို့ သွားရောက်ခဲ့ပြီး၊ ပြည်ထောင်စု ဝန်ကြီများ၊ အစိုးရပိုင်း တာဝန်ရှိသူ အကြီးအကဲများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ လွှတ်တော်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု အဖွဲ့၊ ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ရေး အဖွဲ့၊ လူမှုအသိုက်အဝန်း၊ သတင်းသမားများ၊ ရှေ့နေများ၊ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့၊ ယုံကြည်ချက်ဆိုင်ရာ အကျဉ်းသားဘဝမှ လွတ်မြောက် လာပြီးသူများ၊ ၎င်းမှ တွေ့ဆုံရန် မေတ္တာရပ်ခံထားသည့် အကျဉ်းသားများ၊ သံတမန် အသိုက်အဝန်း၊ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်အဖွဲ့၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာဌာနေ အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ ပါသည်။
ခရီးစဉ်အပြီး မစ္စရန်ဟီလီမှ သတင်းထုတ်ပြန်ရာတွင် နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေး နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်မှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားစွာ တွေ့မြင်ရသည့် အတွက် အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နောက်ကြောင်း ပြန်လှည့်စေနိုင်သည့် စိုးရိမ်ဖွယ် လက္ခဏာရပ်များကိုလည်း စိစစ်ဟန့်တားရန် လိုကြောင်း၊ လူမှုအသိုက်အဝန်းနှင့် သတင်းလောကတို့၏ လှုရှားမှုများကို ဟန့်တား အရေးယူရန် တရားစီရင်ရေး စနစ်နှင့် ဥပဒေတို့ကို အသုံးပြုလျက် ရှိကြောင်း၊ လွတ်လပ်စွာ ဖေါ်ထုတ် ပြောကြားခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးခွင့် တို့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလ အတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်ကြောင်း၊ ခေတ်နှင့် မညီသော ဥပဒေများ သုံးသပ် ပြင်ဆင်ရေးနှင့် အမျိုး ဘာသာကာကွယ်ရေး ဥပဒေကြမ်းများ ရုပ်သိမ်းရန် လိုလားကြောင်း စသည်ဖြင့် သူမ၏ တွေ့ရှိချက်နှင့် အကြံပြုချက် များကိုလည်း ထည့်သွင်း ပြောကြားခဲ့ ပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသိုက်အဝန်း တစ်ရပ်သို့ ရှေးရှုလျက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် တည်ဆဲ ပြည်တွင်း ဥပဒေ တစ်ရပ်ရပ်အား ချိုးဖောက်သည့် မည်သူကိုမဆို ဥပဒေအရ အရေးယူသွားရန် လိုအပ်ပါသည်။ မည်သည့် လွတ်လပ်ခွင့် တစ်ရပ်ရပ်ကို မဆို ဥပဒေနှင့်အညီ ကျင့်သုံးခြင်းအတွက် အရေးယူခြင်းမျိုး မရှိပါ။ မီဒီယာ လွတ်လပ်ခွင့်အားလည်း ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် တရားဥပဒေ ချိုးဖောက်သူ မည်သူမဆို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအရ အရေးယူ ခံရမည်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တစ်ချိန်တည်းမှာပင် ပြည်သူအများ၏ သဘောဆန္ဒကို ထည့်သွင်းစဉ်းစားလျက် ပြည်သူများ အကျိုးကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ခေတ်မမီသော ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ် ရေးဆွဲခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။ ဤသို့ ဥပဒေများ ပြင်ဆင်ခြင်း၊ ရေးဆွဲခြင်းများ ပြုလုပ်ရာတွင် ပွင့်လင်း မြင်သာမှု ရှိစေရန် အထူးအလေးပေး ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူတို့၏ ဆန္ဒကိုလည်း အလေးထားမည် ဖြစ်ပါသည်။
၁၉၈၂ ခုနှစ် တည်ဆဲ နိုင်ငံသား ဥပဒေတွင် ၁၈၂၃ ခုနှစ် မတိုင်မီကပင် မြန်မာနိုင်ငံတော် အတွင်း၌ အမြဲတမ်းအခြေချ နေထိုင်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့သည့် “ရိုဟင်ဂျာ”ဟူသည့် အသုံးအနှုန်းကို လက်ခံထားခြင်း မရှိသကဲ့သို့ အသိအမှတ် ပြုထားခြင်းလည်း မရှိပါ။ နိုင်ငံသားဖြစ်မှု ကိစ္စအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လူ့အသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်းကို ပြည်သူဗဟိုပြု မူဝါဒ တစ်ရပ်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည် ဖော်လျက် ရှိရာတွင် ပြည်သူများကလည်း ဒီမိုကရေစီ အခွင့်အရေးများ ခံစား ကျင့်သုံးခြင်းနှင့် အတူ လက်တွဲပါဝင် ကြိုးပမ်းလျက် ရှိပါသည်။ ဤသို့ ကြိုးပမ်းရာတွင် တာဝန်သိမှုနှင့် တာဝန်ယူမှု တို့ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် မျှတစွာ တိုးတက် ဖြစ်ပေါ်လာရန်နှင့် ရင့်ကျက်လာမှသာ ဒီမိုကရေစီ လူ့အသိုက်အဝန်း ရည်မှန်းချက် ပန်းတိုင်သို့ တည်ငြိမ် အေးချမ်းစွာဖြင့် ရောက်ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဤရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဟု သံန္နိဌာန် ချပြီး ဖြစ်သည့်အတိုင်း မည်သို့သော အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ ရသည် ဖြစ်စေ ရင်ဆိုင်ဖြေရှင်းလျက် ရှေ့သို့ ဆက်လက် ဆောင်ရွက် သွားမည်သာ ဖြစ်ပါသည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲစ နုနယ်သေးသည့် နိုင်ငံတစ်ခုက ရင်ဆိုင် ဖြေရှင်းနေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများကိုလည်း မျှတစွာနှင့် ဖြောင့်မတ်စွာ ရှုမြင်ရန် လိုအပ်ပါသည်။
အရှိန်အဟုန် ရရှိလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာရေး၊ အထူးသဖြင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး တိုးမြှင့်ရေးနှင့် ကာကွယ်ရေးတို့ တိုးမြှင့် ဆောင်ရွက် ချက်များ အပေါ် အပြုသဘောဖြင့် ကူညီအားပေးရန် လိုအပ်ကြောင်း ဖေါ်ပြအပ်ပါသည်။
                                                                                             နိုင်ငံခြားရေးဝန်ကြီးဌာန
                                                                                       နေပြည်တော် ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊
                                                                                                    ဇူလိုင်လ ၃၁

No comments:

Post a Comment