Wednesday, July 30, 2014

မေတ္တာဖြင့်အခမဲ့ သင်ကြားပေးနေသည့် ပညာဒါန သင်တန်းကျောင်း အာစရိယ ပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ



သထုံ    ဇူလိုင်    ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆရာ/ဆရာမများ စုစည်းကာ မေတ္တာဖြင့် အခမဲ့ သင်ကြားပေးလျက်ရှိသော “အလင်းရောင်နေ့သစ်” ပညာဒါန သင်တန်းကျောင်း အာစရိယ ပူဇော်ပွဲနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖြေဆို အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၂၈ ရက်၊ နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပသည်။ 




ရှေးဦးစွာ သင်တန်းကျောင်း စတင်တည်ထောင်သူ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ကျင်ရီ နှင့် ဆရာများက ဆုံးမသြ၀ါဒ စကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများက သြကာသ ကန်တော့ချိုးနှင့် မြတ်ဆရာ သီချင်းတို့ဖြင့် ပူဇော်ကန်တော့၍ ဂါရ၀ပြု လက်ဆောင်များ ပေးအပ်ကာ ဖြေဆိုအောင်မြင်ခဲ့သူများအား ပညာရည် ထူးချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းကျောင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ပညာဆက်လက် သင်ကြားရန် အခက်အခဲ ရှိသူ များအား ပညာသင်ယူ နိုင်ခွင့်ရရှိ နိုင်ရေးအတွက် ဆရာမကြီး ဒေါ်ကျင်ရီ ဦးစီးကာ လွန်ခဲ့သော ၆ နှစ်ခန့်က ကိုယ့်အားကိုယ်ကိုး စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်တွင် ပညာသင်ကြားသူ ၃၆ ဦးရှိရာ ဘာသာစုံ အောင်မြင်ခဲ့သူ ၂၂ ဦးရှိခဲ့ပြီး ယခု ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ကျောင်းသား/ကျောင်သူ ၆၂ ဦး တို့အား ဆရာ/ဆရာမ ၁၂ ဦးတို့က နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ ညစဉ် ၇ နာရီမှ ၉ နာရီအထိ ပိတ်ရက်မရှိ  အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း အကျိုးဆောင် အဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment