နေပြည်တော်-ဇူလိုင်
၂၇
ရမည်းသင်းမြို့နယ် ဘွက်ကျေးရွာ၊ ကျီစုကျေးရွာနှင့်
ပျော်ဘွယ် မြို့နယ် ရွှေညောင်ဖူးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲတို့အား အခြေခံပညာ
အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ခြင်းနှင့် ရမည်းသင်းမြို့နယ် ၀ကုန်းကျေးရွာ အခြေခံပညာမူလတန်း
ကျောင်းဝင်းအတွင်း၌ ရတနာဌေး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း အခမ်းအနားတို့ကို
ဇူလိုင်(၂၆)ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အဆိုပါကျောင်းများ၌ကျင်းပခဲ့ရာ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက် ၍ အမှာစကားပြောကြားခဲ့သည်။
ယင်းအခမ်းအနားများတွင် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည်
အဓိကကျပြီး ဘ၀သက်တမ်းတစ်လျောက် မှန်ကန်စွာရပ်တည်နိုင်ရန် ပညာသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဖြစ်သည့်အတွက် ဆရာများအနေဖြင့် သင်ကြားရေးပိုင်းတွင်
မိမိ၏တပည့်သားသမီးများကို ဉာဏဗလ၊ မိတ္တဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ တို့နှင့်ပြည့်စုံစေရန်အတွက်
စနစ်တကျလေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင်တပည့်များကို ကျောသားရင်သားမခွဲခြားဘဲ
မေတ္တာတရားတစ်ပြေးညီဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း။
သင်ကြားရေး အပိုင်းတွင် အလွတ်ကျက်ဖြေဆိုသည့်
နည်းစနစ်မဟုတ်ဘဲ ကိုယ်ပိုင်ထိုးထွင်း ဉာဏ်ဖြင့် ဖြေဆိုနိုင်ရေး လေ့ကျင့်သင်ကြားသွားရန်
လိုအပ်ပါကြောင်း၊ စာတွေ့မဟုတ်ဘဲ လက်တွေ့ပိုင်းတွင် သင်ကြားရန် လိုအပ်သကဲ့သို့ ပြင်ပဗဟုသုတများရရှိစေရန်
လေ့လာရေးခရီးများ ပို့ဆောင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ကျောင်းသားမိဘများကလည်း ဆရာများကိုလေးစား
တန်ဖိုးထားရန် လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေး ပိုင်းတွင်လည်း ဂရုတစိုက်ဆောင်ရွက်သွားရန်
လိုအပ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးဘတ်ဂျက်ကို
၎ ဆတိုးမြှင့်ချထား ပေးခဲ့ပါကြောင်း၊ ရမည်းသင်းခရိုင်အနေဖြင့် ယခုအခမ်းအနားများကို
ကြည့်ခြင်းအားဖြင့် ပညာရေးကို အထူးတလည်လေးစားတန်ဖိုးထားသည်ကိုတွေ့ရ ပါကြောင်း။
မြန်မာပညာရေး သမိုင်းကို ပြန်ကြည့်လျှင်
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဘုရင်များ၊ စစ်သူကြီး ထွက်ပေါ်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည်ပင်လျှင် ၉ နှစ်သားအရွယ်မှ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ
စတင်ကျောင်းတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို
နိုင်ငံတော်အနေဖြင့် ကျောင်းအဆင့်များ များစွာတိုးမြှင့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
နိုင်ငံတော်အနေဖြင့် ကျောင်းအဆင့်များ တိုးမြှင့် ပေးနေရုံဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာ
မဟုတ်ဘဲ ကျောင်းသားများ၏ပညာလိုလားမှု၊ ဆရာများ၏ မေတ္တာတရား ကြီးမားမှု၊ မိဘများ၏ပညာအပေါ်
အားပေးလိုလားမှုများရရှိရန် လိုအပ်ပါကြောင်း၊ မြန်မာစကားတွင်ရှိသည့် သေစာရှင်စာဆိုသည်မှာ
မွေးဖွားသည်မှ သေဆုံးချိန်အထိ ပညာသင်ကြားရမည် ဖြစ်သလို အသက်ရှင် နေချိန်တွင်လည်း ပညာသင်ကြားရန်
လိုအပ်သည့် အတွက် သေစာရှင်စာဟု ခေါ်ဆိုခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်
ရာသက်ပန် ပညာရှာမှီးသွားကြရန် မေတ္တာဖြင့် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားများတွင် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌက ကျောင်းအဆင့်တိုး ဆိုင်းဘုတ်များနှင့် ကျောင်းဆောင်သစ် ဆိုင်းဘုတ်တို့ကို စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီနှင့် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍
ဖွင့်လှစ်ပေးခဲ့ကြသည်။
No comments:
Post a Comment