Wednesday, July 30, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများအား လျှော့ချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် သဘာဝ သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများအား လျှော့ချရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သဘာဝ သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကြောင့် နိုင်ငံတစ်ဝန်းမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ သိသိသာသာ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ယင်းထိခိုက်မှုများကို တားဆီး ကာကွယ် လျှော့ချပြီး သဘာဝ ပတ်ဝန်းကျင်  ပြန်လည် ထိန်းသိမ်းမှုကို အဆောတလျင် လုပ်ဆောင်ကြ ရမည့် အချိန် ကျရောက်နေပြီ ဖြစ်ပါကြောင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ အကျိုးဟာ ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းရာတွင် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်မှုကို ပဓာန ရည်မှန်းချက် ထားရှိသည် ဟူသော နိုင်ငံတော်၏ အမျိုးသား ပတ်ဝန်းကျင် မူဝါဒနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ စီမံ ခန့်ခွဲသွားကြရမှာ ဖြစ်ကြောင်း။
အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်၍ ကော်မတီ အလိုက် ချမှတ် ပေးထားသော လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင် သွားကြရန် လိုအပ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် အရည်အသွေး ထိန်းသိမ်းခြင်း၊ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ လူသား ကျန်းမာရေး၊ ဘေးအန္တရာယ် ကျရောက်နိုင်ခြေ လျှော့ချမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ခြင်း စသည့် ရည်မှန်းချက်များ ပေါက်မြောက်အောင် စနစ်တကျ စီမံ ခန့်ခွဲသွားကြရန် လိုပါကြောင်း၊ အသိစိတ်ဖြင့် ကိုယ်တိုင် ပါဝင်လာအောင် ပညာပေး စည်းရုံးခြင်း၊ ဈေးကွက် အခြေခံ မက်လုံးပေး ဆွဲဆောင်ခြင်း၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများဖြင့် အရေးယူခြင်းဟူသည့် စီမံခန့်ခွဲရေး ချဉ်းကပ်မှု ပုံစံများကို ကျင့်သုံးသွားရန် လိုအပ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၄၅)တွင် နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရမည် ဟူ၍ လည်းကောင်း၊ ပုဒ်မ (၃၉၀)တွင် နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်း အတွက် နိုင်ငံတော်အား ကူညီရန် တာဝန် ရှိသည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ ၂၀၁၂ ကိုလည်း အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒများကို အကောင် အထည်ဖော်ရန် ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန် သန့်ရှင်းသည့် ပတ်ဝန်းကျင် ဖြစ်ပေါ် လာစေရန်နှင့် သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရန်၊ သဘာဝ သယံဇာတ အရင်းအမြစ်များ လျော့နည်း ဆုံးရှုံးမှုကို တားဆီး၍ စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီမံ ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်စပ် ပါဝင်နေသည့် ဝန်ကြီးဌာန အလိုက် ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများလည်း ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ အသိအမြင် ပြန့်ပွားရေး အတွက် ပညာရေးနှင့် ပညာ သင်ကြားရေး အစီအစဉ်များတွင် လူထု ပါဝင်ပူးပေါင်းမှုကို အားပေး မြှင့်တင်လျက် ပတ်ဝန်းကျင် ဆိုင်ရာ ပြည်သူ့ ကျင့်ဝတ်ကို အသိရှိရှိလိုက်နာလာစေရန် စည်းရုံးသွားရန် လိုသလို တည်ဆဲဥပဒေများ၊ စည်းမျဉ်းများဖြင့် တင်းကျပ်စွာ ထိန်းကျောင်း ပေးသွားရန် ဖြစ်ပါကြောင်း။
"ညစ်ညမ်းစေသူ ပေးဆပ်စေ"မူကို အာမခံခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အန္တရာယ်ရှိပစ္စည်းများအား အလုံးစုံ စောင့်ကြည့်စနစ် ထူထောင် စောင့်ကြည့် အရေးယူခြင်းများ ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ထိရောက်သည့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်ဖြစ်ရန် ကျင့်သုံးရမည့် နည်းလမ်းများ ချမှတ်ပေးထားပါကြောင်း၊ အဂတိတရား ကင်းရှင်းစွာဖြင့် အမှန်တကယ် ကျင့်သုံးရန်သာ လိုအပ်ပါကြောင်း၊ စဉ်တိုက်ဆက်တိုက် တိုးတက်ရေး အတွက် ရလဒ်ကိုအခြေပြု စီမံခန့်ခွဲမှုဖြစ်ရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုသည် အဓိက ကျပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အောက်တွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် စံချိန်စံညွှန်း ဆိုင်ရာ လုပ်ငန်း ကော်မတီ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာဆိုင်ရာ လုပ်ငန်းကော်မတီ၊ သဘာဝ သယံဇာတနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၊ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေ ဖြစ်စေရေး လုပ်ငန်း ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးရေးနှင့် အသိပညာ ပြန့်ပွားရေး လုပ်ငန်း ကော်မတီ စသည့် ဗဟိုအဆင့် လုပ်ငန်းကော်မတီ (၅)ရပ်ကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သော လုပ်ငန်းများအား တားဆီးရေး အတွက် စစ်ဆေး ကြပ်မတ်ရန် နည်းလမ်းများအား သက်ဆိုင်ရာ ပြည်နယ်၊  တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီသို့ ပေးပို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း။
သဘာဝ သယံဇာတများ ထိန်းသိမ်းရေး ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ ရာတွင် သစ်တော သယံဇာတ ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး၊ တရားမဝင် သစ်ထုတ်မှုများ တားဆီး ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊  စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် သဘာဝနှင့် လူမှုပတ်ဝန်းကျင် အပေါ် ထိခိုက်စေနိုင်မှုများကို ရှောင်ရှား နိုင်ရေး၊ ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးတို့ အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များကို ပေါင်းစပ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ကဏ္ဍဆိုင်ရာဥပဒေများ ပေါင်းစည်း ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေး အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ပါ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဇေယျာအောင်၊ ဒေါက်တာမြင့်အောင်၊ ဒုတိယ ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment