Thursday, July 31, 2014

တောင်သူနည်းပညာပေး ဆွေးနွေးပွဲ သထုံတွင် ကျင်းပ



သထုံ    ဇူလိုင်    ၃၀
တောင်သူများအား မှန်ကန်သော စိုက်နည်းစနစ်များနှင့် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူသော မြေသြဇာ ကျွေးခြင်း၊ ပိုးမွှား နှိမ်နင်းခြင်းနှင့် မြေပြင်ခြင်း နည်းစနစ်များကို အချိန်တိုအတွင်း အသုံးပြုနိုင်စေရန် အတွက် မွန်ပြည်နယ်၊ သထုံခရိုင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး သိပံ္ပ(သထုံ) တွင် ကျင်းပ သည်။ 





အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ခရိုင်အတွင်းရှိ မိုးစပါးစိုက် တောင်သူများအား သိပံ္ပနည်းကျ စိုက်နည်းစနစ် ၁၄ ချက်နှင့်အညီ စိုက်ပျိုးခြင်းဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်နိုင်ရေး အတွက် ဆွေးနွေးပြီး ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမင်းထိန်ဝင်းက မိရိုးဖလာ စိုက်ပျိုးနည်းများဖြင့် ပုံမှန် အထွက်နှုန်း သာ ရှိရာမှ အထွက်တိုး စိုက်နည်းများကို အသုံးပြုကာ စနစ်တကျ စိုက်ပျိုးနိုင်ခြင်း အားဖြင့် တောင်သူများ အထွက်နှုန်း တိုးတက်နိုင်ရေးနှင့် စိုက်ပျိုးချိန်ကာလအတွင်း ကျရောက်လေ့ ရှိသည့် ပိုးမွှား နှိမ်နင်းရာတွင် ငွေကုန် သက်သာပြီး ကိုယ်တိုင် ပြုလုပ်နိုင်ရန် လွယ်ကူသော နည်းစနစ်များကို သိရှိနိုင်ရေး အတွက် စိုက်ပျိုးရေး ပညာရှင်များအား ဖိတ်ကြားကာ ယခုကဲ့သို့ နည်းပညာပေး ဆွေးနွေးရခြင်း ဖြစ်ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် တောင်သူများသည် အဓိကကျပြီး တောင်သူမွဲက နိုင်ငံမွဲနိုင်သဖြင့် ယခု ဆွေးနွေးပွဲမှ ရရှိသော စိုက်နည်းအသိပညာများကို နီးစပ်ရာ တောင်သူများအား ဆင့်ပွား ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားကာ စိုက်ပျိုးရေး ဦးစီးဌာန၊ ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်ရှိန်က မှန်ကန်သော စိုက်နည်းစနစ်၊ အဟာရကျွေးနည်း၊ မြေပြင်နည်း၊ ပိုးမွှားနှိမ်နင်းနည်းနှင့် မျိုးကောင်း မျိုးသန့်တို့ကို ရွေးချယ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ပြီး သထုံခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ တောင်သူ ၈၃ ဦးတို့အား စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်မှ ပညာရှင်များက စိုက်ပျိုးရေး နည်းပညာများကို ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment