Thursday, July 31, 2014

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသော ယာဉ်များအား ဖမ်းဆီးအရေးယူ

မြင်းခြံ ၊ ဇူလိုင်  ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုမရှိသော ယာဉ်များအား ဖမ်းဆီးအရေးယူလျှက်ရှိသည်။

ယခုအခါ မြင်းခြံမြို့တွင် ကားများ၊ ဆိုင်ကယ်များ ပေါများလာသည်နှင့် အမျှ  စည်းကမ်းပျက်ယာဉ်များ၊ စည်းကမ်းမဲ့မောင်းနှင်မှုများလည်း ရှိနေသဖြင့် မြင်းခြံခရိုင်အမှတ် (၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယ ရဲမှူး ခင်မောင်ချို၊ ရဲ (၃၅၁၃) ခေါင်းဆောင်သော ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(ရကက) အဖွဲ့ဝင် များ၊ ကညန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရယက အဖွဲ့ဝင်များ၊ ဥပဒေဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ တရားရေးဝန်ထမ်းများ ပူးပေါင်းပါဝင်သော အဖွဲ့မှ  စည်းကမ်းမလိုက်နာသော ယာဉ်များနှင့် စည်းကမ်းမဲ့မောင်းနှင်သူများကို အမှု (၁) မှုလျှင် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ဖြင့် ဖမ်းဆီးအရေးယူလျှက်ရှိသည်။ ထိုကဲ့သို့ စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးအရေးယူခဲ့ရာတွင် ဇူလိုင်လ (၂၆) ရက်နေ့တွင် ဆိုင်ကယ်(၉) စီး ၊ ဇူလိုင်လ(၂၇) ရက်နေ့တွင် ဆိုင်ကယ် (၈) စီး၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ကား (၃) စီးနှင့် ဆိုင်ကယ် (၂၄) စီးအား ဖမ်းဆီးအရေးယူခဲ့ပါသည်။ ထို့အပြင် မန္တလေးစည်ပင်သာယာရေးနယ်နိမိတ်မှအပ ကျန်မြို့နယ်များအားလုံးတွင် စည်းကမ်းပျက်ယာဉ်များအား ဒဏ်ငွေကျပ်(၃) သောင်းမှ (၁၀) သိန်း အထိ အရေးယူနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment