Sunday, July 27, 2014

ပြည်ထောင်စုဝန်ကြီး လှိုင်သာယာစက်မှုဇုန်ရှိစက်ရုံအလုပ်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်-ဇူလိုင် ၂၇
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ဒုတိယဝန်ကြီး ဦးထင်အောင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) မှ ကိုယ်စားလှယ် World  Vision မှ ကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများနှင့်အတူ ဇူလိုင်(၂၆)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ FAME ဆေးဝါး ထုတ်လုပ်ရေးစက်ရုံ၊



SMK  အထည်ချုပ်စက်ရုံနှင့် SUNNY  ရှူးဖိနပ် စက်ရုံများသို့ သွားရောက်ကာ လုပ်ငန်းခွင်အေးချမ်းသာယာမှု ရှိစေရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းပြီးကျန်းမာ၍ သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင် အခြေ အနေ ဖြစ်စေရေး တို့အတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် လုပ်ငန်းခွင်အေးချမ်း သာယာရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး တို့အတွက် အလုပ်ရှင်နှင့် အလုပ်သမားတို့အနေဖြင့် ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီဆိုသလို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်ရှင်များ ဘက်မှ မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေများကို သိရုံသာမက  လိုက်နာ ဆောင်ရွက်သွားရန်လိုသလို အလုပ်သမားများ ဘက်မှလည်း အလုပ်သမားရေးရာ ဥပဒေများ သိရှိလိုက်နာ ဆောင်ရွက်ရန်တို့အတွက် သိရှိလိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အလုပ်သမား ရေးရာ အငြင်းပွားမှုများကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားဟူ၍ သုံးဦးသုံးဖလှယ် ပူးပေါင်း၍ ဆောင်ရွက်ပေး နေသလို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ပေးနေ ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် တွေ့ဆုံကာ အခြေခံလစာရရှိမှု၊ အချိန်ပိုလုပ်ခ လစာရရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အခြေအနေတို့ကို မေးမြန်းပြီး ILO နှင့် World Vision မှ တာဝန်ရှိသူများ ကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment