Monday, July 28, 2014

ရွှေနှလုံးသား သွေးလှူရှင်အသင်း ဒုတိယအကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇူလိုင်လ ၂၆ ရက်၊ (၁၃:၀၀) နာရီ အချိန်တွင် ‘‘ရွှေနှလုံးသား’’ သွေးလှူရှင်အသင်း၏ ဒုတိယ အကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲ အခမ်းအနားကို မြို့နယ် ဓမ္မာရုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ မျိုးလွင်မှ သွေးလှူဒါန်းရန်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊ ရှောင်ရန်၊ ဆောင်ရန် အချက် များ၊ ရွှေနှလုံးသား သွေးအလှူရှင်အသင်း နာယက ဒေါက်တာ ဦးတင်ဝင်းအောင် က အသင်းကြီး၏ ဆက်လက် လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များ၊ အသင်းဥက္ကဌ ဦးဝင်းမောင်က အသင်းစတင် ဖွဲ့စည်းချိန်မှ ယနေ့အထိ ရံပုံငွေ လည်ပတ် ပုံနှင့် သွေး လှူရှင်များ ကိုယ်စား အသင်းသား တစ်ဦးက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
‘ရွှေနှလုံးသား သွေးလှူရှင် အသင်းကြီးကို (၁၄-၆-၂၀၁၃) တွင် စတင်ဖွဲ့စည်းပြီး (၁၄-၆-၂၀၁၄) အထိ သွေးပုလင်း (၁၅၀၀) ကျော်ကို အသင်းသား (၇၀၀) ကျော် က မြို့နယ်အတွင်းရှိ အစိုးရဆေးရုံ (၂) ခုနှင့် ပုဂ္ဂလိက ဆေးရုံ (၂) ခုသို့ လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။ အလှူရှင် ဦးသက်နိုင်ဦး၊ ပြည်တန်းလမ်းကလည်း ‘‘ကျွန်တော်လှူနေတာ (၁၃) ကြိမ်ရှိပြီ၊ ဆက်ပြီး လှူဒါန်း နေမယ်၊ ကိုယ့်သွေးကြောင့် အခြားသူတစ်ဦး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိစေတဲ့ အတွက် အရမ်းဝမ်းသာ ပျော်ရွှင် ရပါတယ်’’ ဟု ဝမ်းသာအားရ ပြော သွားသည်။ သွေးလှူဒါန်းမှု အကြိမ် (၁၀) ကြိမ်နှင့်အထက် အလှူရှင် (၇၅) ဦးနှင့် အကြိမ် (၃၀) နှင့်အထက် လှူဒါန်းသူ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment