နေပြည်တော်-ဇူလိုင် ၁
ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟေနန်ပြည်နယ်
လော့ယန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင်
မဟာမင်္ဂလာအခမ်းအနားနှင့် သာသနိကအဆောက်အအုံများဖွင့်ပွဲအခမ်းအနားများကို ကျင်းပရာ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားတွင် မြင်းဖြူကျောင်းတော်အတွင်းရှိ
မဟာစိနပဘာစေတီတော် ပရဝဏ်အဝင်မင်္ဂလာ မုခ်ဦးကို
နိုင်ငံတော်သမ္မတ၏ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် သူရဦးမြင့်မောင်၊
ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး၊ စေတီတော်တည်ဆောက်ရေးကြီးကြပ်မှု နာယက သံအမတ် ကြီး
(ငြိမ်း) ဦးတင်ဦး၊ ဟေနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယမြို့တော်ဝန် မစ္စတာ ကျန်ကွမ်းကျိ၊
တရုတ်နိုင်ငံ သာသနာရေးဗျူရို အတွင်းရေးမှူး မစ္စတာဝမ်ကျန့်နှင့် မြင်းဖြူကျောင်းဆရာတော် ယင်းလီ တို့က မင်္ဂလာဖဲကြိုးဖြတ်၍
ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် မြင်းဖြူကျောင်းဆရာတော် ယင်းလီ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တက်ရောက်လာကြသူ
များသည် မင်္ဂလာမုခ်ဦးအား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စေတီတော်လိုဏ်တော်အတွင်း၌ ကိန်းဝပ်စမ္ပာယ်
တော်မူမည့် ဓမ္မစက္ကမုနိကျောက်စိမ်းရုပ်ပွားတော်၊ ဈာနမုနိ စကျင်ရုပ်ပွားတော်၊ ဘူမိဖဿမုနိ
ကျွန်းသား ရုပ်ပွားတော်နှင့် လာဘမုနိ ကြေးဆင်းတုရုပ်ပွားတော်တို့အား သစ်သီး၊ ပန်းမန်၊
ရေချမ်းနှင့် ရွှေကြာသင်္ကန်း တို့ကို ဆပ်ကပ်လှူဒါန်းပူဇော်ကြသည်။
မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော်လိုဏ်အတွင်း၌ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်
မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာ-တရုတ် နှစ်နိုင်ငံမှ ဆရာတော်သံဃာတော်များ
ကြွရောက်တော်မူကြကာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်
ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ
ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ်နှင့်
ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်နိုင်ငံ သာသနာရေးဗျူရိုအဖွဲ့အကြီးအကဲ
မစ္စတာဝမ်ဇိုအမ့် နှင့် မြင်းဖြူကျောင်းတိုက် ဆရာတော်ယင်းလီတို့က သာသနာရေးဆိုင်ရာများကို ဖတ်ကြားလျှောက်ထားကြ သည်။
ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံ
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အထက်ဌာပနာတော်များကိုလည်းကောင်း၊ မြင်းဖြူကျောင်းတိုက်
ဆရာတော်ထံ မဟာစိန ပဘာ ရွှေတိဂုံ ပုံတူစေတီတော်နှင့်သာသနိက အဆောက်အအုံများဆိုင်ရာ မှတ်တမ်းဖိုင်၊
မြန်မာနိုင်ငံမှ စေတနာရှင်ပြည်သူများလှူဒါန်းသည့် အလှူတော်ငွေ တရုတ်ယွမ်ငွေဆယ်သိန်း၊
ဗုဒ္ဓစွယ်တော်နှင့် ကျောင်းဆောင်တော်တို့ကိုလည်းကောင်း နိုင်ငံတော်သမ္မတက ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက် သိင်္ဂီဦးကျောင်း
ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒောဘာသ ထံမှ နိုင်ငံတော်သမ္မတ အမှူးပြုသော ပရိသတ်များက
လှူဒါန်းမှူအစုစုတို့အတွက် အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
စေတီတော် အထွတ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာတော်တို့ကို
ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးဇေယျာအောင်နှင့် ဒေါက်တာမြင့်အောင်၊
နိုင်ငံတော် သမ္မတ၏ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် သူရဦးမြင့်မောင်တို့က
ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီလေးပါးဆိုင်ရာ ဌာပနာတော်များကို စေတီတော်အထက်ဌာပနာ၌
သွင်းလှူပူဇော်ကြသည်။
ယင်းနောက် ရွှေထီးတော်ဘုံဆင့်များ၊ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို
မင်္ဂလာရထားပျံဖြင့် အဆင့်ဆင့်ပင့်ဆောင် တင်လှူတော်မူကြသည်။
ထို့နောက် မြန်မာ - တရုတ်နှစ်နိုင်ငံမှ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာ
တင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
တရုတ်- မြန်မာ ချစ်ကြည်ရေးသမိုင်းကြောင်းတွင် အကြီးမားဆုံးသော ဓမ္မလက်ဆောင်ဖြစ်သည့်
မဟာ စိနပဘာ ရွှေတိဂုံပုံတူစေတီတော်အား ၂၀၁၂ခုနစ်
ဧပြီ (၁၀)ရက်တွင် မြင်းဖြူ ကျောင်းတော်ပရဝဏ်အတွင်းရှိ မြေ (၁ ဒသမ ၇၃) ဧကပေါ်တွင် စတင်တည်ထားခဲ့ခြင်းဖြစ်သည်။
စေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၁၀၈)ပေရှိပြီး တည်ဆောက်ရေးလုပ်ငန်းများကို နှစ်နိုင်ငံ
ကျွမ်းကျင်ပညာရှင်များက စုပေါင်းတည်ထားခဲ့ကြသည်။
အဆိုပါ စေတီတော်အား စေတနာထက်သန်သည့် နှစ်နိုင်ငံအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့်
တည်ထားတော်မူခြင်း ဖြစ်သည်။
မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ပရိဝုဏ်ပတ်လည် အုတ်တံတိုင်းအား နန်းမြို့ရိုးပုံဖော်ထားသည့် မုခ်ဦးလေးခုနှင့် နဂါးရုံဘုရား၊ ကျိုက်ထီးရိုးစေတီပုံတူများ
တည်ထားပြီး မြန်မာ့မှုလက်ရာသာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားကြောင်း သိရှိရသည်။
မြင်းဖြူဘုရားကျောင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး ဗုဒ္ဓဘာသာ ဘုရား ကျောင်းဖြစ်ပြီး
အေဒီ (၆၈)ခုနှစ် မင် ဧကရာဇ်လက်ထက် လော့ယန်မြို့၌ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ ကိုင်နှင့် ချင် ပုဂ္ဂိုလ်နှစ်ဦးက ယခုအာဖဂန်နစ္စတန်နိုင်ငံ ဖြစ်သည့်ဒေသသို့ရောက်ရှိကာ
၎င်းအရပ်တွင် ဗုဒ္ဓတရားတော်များ ဟောကြားလျက်ရှိသော အိန္ဒိယရဟန်းတော်နှစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး
အေဒီ (၆၇)ခုနှစ်တွင် အဆိုပါရဟန်းတော်နှစ်ပါးအား ပင့်ဖိတ်၍ မြင်းဖြူပေါ်တွင် ပါဠိဘာသာဖြင့်
ရေးထိုးထားသည့် ဗုဒ္ဓစာပေများနှင့် စကြာမုနိရုပ်ပွားတော်တို့ကို လော့ယန်မြို့သို့ ပင့်ဆောင်ခဲ့သည်။
တရုတ်ဧကရာဇ်မင်းကြီးက အဆိုပါအာဂန္တုရဟန်းတော်များအား နောင်တွင် မြင်းဖြူကျောင်းတော်ဟု
ခေါ်တွင်မည့် ဘုရားကျောင်းတွင် တည်းခိုနေထိုင်စေခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ခဲ့သည့်
မြင်းဖြူကို ဂုဏ်ပြု၍ မြင်းဖြူကျောင်းတော်ဟု အမည်မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
မြင်းဖြူကျောင်းတော်တွင် အဓိကခန်းမအဆောက်အအုံကို မင် အင်ပါယာ (၁၃၆၈ မှ ၁၆၄၄
) ကာလနှင့် ချင်အင်ပါယာ ( ၁၆၄၄ မှ ၁၉၁၂ ) ကာလတွင် တည်ဆောက်ခဲ့ပြီး ၁၉၅၀ ခုနှစ်နှင့်
၁၉၇၃ ခုနှစ်တို့တွင် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဘုရားကျောင်းတွင် ရင်ပြင်ငယ်များ၊ ဥယျာဉ်များပါဝင်ပြီး အကျယ်အဝန်း (၃၂)ဧက
(၁၃ ဟက်တာ)ရှိပြီး ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဗုဒ္ဓဘာသာအဆောက်အဦပုံတူများကိုလည်း
တည်ဆောက် ထားသည်။





No comments:
Post a Comment