Sunday, June 29, 2014

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ၀န်ထမ်းများအား တွေ့ဆုံမှာကြား

မော်လမြိုင်       ဇွန်      ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယနေ့နံနက်(၇)နာရီခွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်  စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ စီမံကိန်းနှင့်စီးပွားရေး ၀န်ကြီး ဒေါက်တာ မင်းနွယ်စိုး၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာတွင် တည်ဆောက် လျှက်ရှိသည့် ရောင်စုံကိုယ်ပွားသတင်း စာတိုက် တည်ဆောက်ရေးလုပ်ငန်းများ စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးမြောက်အောင်မြင်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ ရုပ်ရှင်လုပ်ငန်းစုရုံးနှ့် မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ၀န်ထမ်းများနှင့် တွေ့ဆုံကာ ၀န်ကြီးဌာန၏ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ၀န်ထမ်းတစ်ဦးစီ၏ တာဝန်ယူမှု၊  တာဝန်ခံမှု၊ အသိစိတ်ဓါတ်ဖြင့် အားကြိုးမာန်တက် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် ရင်းရင်းနှီးနှီး တွေ့ဆုံ မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နံနက်(၈)နာရီ တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအုန်းမြင့်အား အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံကာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ် များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက်(၉)နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းအသီးသီးမှ ၀န်ထမ်းများနှင့် တွေ့ဆုံကာ ပြန်ကြားရေးဝန်ကြီးဌာန၏ နိုင်ငံတော် ပြုပြင်ပြောင်းလဲ မှုများအား တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံ မှာကြားခဲ့သည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်တို့က ပြန်ကြားရေးဝန်ကြီးဌာန၏  နိုင်ငံတော် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ တတိယ အဆင့် (Third Wave) အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာခဲ့ကြသည့် ၀န်ထမ်း များမှ အဆိုပါလုပ်ငန်းစဉ်များ နှင့်ပတ် သက်၍  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည် ။


3 comments:

  1. တင်ထားတဲ့ တစ်ချို့ဆိုဒ်တွေ အလုပ်မလုပ်ပါ

    ReplyDelete
  2. ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ စာရင်း ဆိုတဲ့ ဆိုဒ် အလုပ်မလုပ်တော့ပါ။

    ReplyDelete
  3. ၂၀၁၆ အထွေထွေဗဟုသုတစာအုပ်လေး တင်ပေးပါလားခဗျာ

    ReplyDelete