Sunday, June 29, 2014

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်သည် အချိန်ကာလ၏ စမ်းသပ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရုံမက အချိန်နှင့်အတူ ရင့်ကျက်လာပြီး ပြည်ထောင်စု အချင်းချင်း ဆက်ဆံရေးဆိုင်ရာ မူများ၏ အခြေခံစံတစ်ခုဖြစ်လာ



ပေကျင်း ဇွန် ၂၈
၁၉၅၄ ခုနှစ်၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ မြန်မာ၊ အိန္ဒိယခရီးစဉ် အတွင်း စတင် အကောင်အထည် ပေါ်ပေါက်လာသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ 


တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုလုပ် ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူ ရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်ဟူသည့် မူကြီး(၅) ရပ်၏ နှစ်(၆၀) ပြည့် အထိမ်းအမှတ် ကွန်ဖရင့်ကို ယနေ့ ညနေ ၅ နာရီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟာမစ်အန်ဆာရီ၊ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်း၊ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ယူဇျန်ရှင်း (Yu Zhengsheng)၊ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများနှင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
နှစ် (၆၀)ပြည့် အထိမ်းအမှတ် ကွန်ဖရင့်သို့ တက်ရောက်လာကြသည့် မြန်မာ-အိန္ဒိယ-တရုတ် နိုင်ငံတို့မှ နိုင်ငံ ခေါင်းဆောင်များသည် ပြည်သူ့ ခန်းမဆောင်ကြီး၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ပြည်သူ့ခန်းမဆောင်ကြီး Banquet Hall ၌ကျင်းပသည့် မူကြီး(၅)ရပ် နှစ် (၆၀) ပြည့် အထိမ်း အမှတ်ကွန်ဖရင့်သို့ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဦးဆောင်ချမှတ်ခဲ့ သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး(၅)ရပ် နှစ် (၆၀) ပြည့် အခမ်းအနားကို အဆွေတော်တို့ နှင့်အတူ တက်ရောက်ကာ ကျင်းပ ခွင့်ရသည့်အတွက် မိမိအနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း။
လွန်ခဲ့သောနှစ် ၆၀ ကျော် ဒုတိယကမ္ဘာစစ် ပြီးနောက် စစ်အေး တိုက်ပွဲစတင်သည့် ကာလက အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများသည် လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် လွတ်လပ်ရေး ရရှိရန် အတွက် ရုန်းကန်ခဲ့ကြပါ ကြောင်း၊ ထိုအချိန်ကာလက လွတ်လပ်ရေးရကာစ နိုင်ငံများ၏ အတူညီဆုံးနှင့် ပြင်းပြလှသည့် ဆန္ဒမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး အမျိုးသား အချုပ်အခြာ အာဏာကို သာတူညီမျှနှင့် အပြန်အလှန်လေး စားမှုရှိသည့် နိုင်ငံတကာ ဆက်ဆံရေး ပုံစံအသစ် တည်ဆောက်လိုခြင်းပင် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးရပြီးစ နိုင်ငံများ၏ ယင်းသို့ပြင်းပြပြီး တူညီသည့် မျှော်မှန်းချက်များကို တုံ့ပြန်သည့် အနေဖြင့် မိမိတို့၏ ခေါင်းဆောင် ကြီးများသည် ထူးကဲသည့်မဟာဗျူဟာမြောက်အမြင်များဖြင့် ယခု နိုင်ငံတကာ ဆက်ဆံရေးတွင် အခြေခံ စံနှုန်းနှင့် လမ်းညွှန်ချက် စည်းမျဉ်း စည်းကမ်းအဖြစ် လက်ခံထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅) ရပ် ကိုစတင် အဆိုပြုသည့် သမိုင်းဝင်သည့် ဆုံးဖြတ်ချက်ကို ရဲဝံ့စွာချမှတ်ခဲ့ပါကြောင်း။

၁၉၅၄ခုနှစ် ဇွန်လက တရုတ် နိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွင်း ဇွန် ၂၈ ရက်တွင် တရုတ်-အိန္ဒိယ ပူးတွဲ ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို နယူးဒေလီမြို့တွင် လည်းကောင်း၊ ဇွန် ၂၉ ရက်တွင်တရုတ်-မြန်မာပူး တွဲထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ရန်ကုန်မြို့တွင် လည်းကောင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် အပြန်အလှန် လေးစားမှုအတွက် လမ်းညွှန် ပေးသော စံနှုန်းများအဖြစ် တရားဝင် ကြေညာခဲ့ပါကြောင်း။
ထိုအချိန်မှ စတင်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅) ရပ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့သည့် ကြေညာ ချက်အပါအဝင် အဓိက နိုင်ငံတကာ ကြေညာချက်များတွင်လည်း ပါဝင်လာခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒသည်လည်း ယင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်ကို မိမိ အနေဖြင့် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်း။
မိမိတို့ နိုင်ငံအနေဖြင့်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး(၅) ရပ်သည် အချိန်ကာလ၏ စမ်းသပ်မှုများကို ရင်ဆိုင် ကျော်လွှား နိုင်ရုံသာမက အချိန်နှင့်အတူ ရင့်ကျက်လာပြီး ပြည်ထောင် အချင်းချင်း ဆက်ဆံရေးဆိုင်ရာ မူများ၏ အခြေခံ စံတစ်ခု ဖြစ်လာခဲ့သည်ကို တွေ့မြင်ရသည့် အတွက် ယင်းမူကြီး(၅)ရပ်ကို ကနဦး ချမှတ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။
ယင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်သည် အနာဂတ် ပြည်ထောင်အချင်းချင်း ဆက်ဆံရေးတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည် ဟုလည်း မြန်မာနိုင်ငံ အနေဖြင့် ယုံကြည်ပါကြောင်း၊ နိုင်ငံများ အကြား လမ်းညွှန်မူဝါဒအဖြစ်လည်း ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း။

မိမိတို့ အိမ်နီးချင်းသုံးနိုင်ငံ၏ ဆက်ဆံရေးကို ပြန်ကြည့်မည်ဆိုလျှင် မိုင်းပေါင်းများစွာ နယ်နိမိတ်ချင်း နီးစပ်နေကြသည့် မြန်မာ-တရုတ် အိန္ဒိယနိုင်ငံတို့သည် အစဉ်အလာရှိသည့် အိမ်နီးချင်းကောင်းများဖြစ် ကြပြီး ရာစုနှစ်ပေါင်းများစွာ ကြာရှည်တည်တံ့သည့် ချစ်ကြည်ရင်းနှီးမှုများလည်း ရှိခဲ့ကြပါကြောင်း၊ ယင်းသို့ တည်ရှိနေထိုင်ခြင်းသည် ထိုမူကြီး (၅)ရပ်နှင့် အညီ နေထိုင်ဆက်ဆံ နိုင်ခဲ့ကြခြင်း ဖြစ်သကဲ့သို့ ပြည်သူပြည်သားများ အနေဖြင့်လည်း အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများတွင် တူညီမှုများ ရှိနေခြင်း တို့ကလည်း နားလည်မှု၊ ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံမှု၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို တည် ဆောက်ရာတွင် အထောက်အကူ ဖြစ်စေပါကြောင်း။
ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်ကို အခြေခံကာ လက်ခံခဲ့ကြသဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အိန္ဒိယသမ္မတ နိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား ချစ်ကြည်သော ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုသည် နှစ်ပေါင်းများစွာ အတွင်း ပိုမိုခိုင်မြဲ လာခဲ့ပါကြောင်း၊ နိုင်ငံများ အကြား နယ်နိမိတ်ပြဿနာကို ငြိမ်းချမ်းစွာဖြင့် အပြန်အလှန် စိတ်ကျေနပ်မှု ရရှိအောင် ဖြေရှင်း နိုင်ခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ဤနှစ်နိုင်ငံစလုံးသည် မိမိတို့ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက် တည်ရှိသွားလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း။
မိမိတို့သည် နိုင်ငံအားလုံးနှင့် ကောင်းမွန်၍ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းသွားမည် ဖြစ်သကဲ့သို့ ကောင်းမွန်သည့် အိမ်နီးချင်းကောင်းဆက်ဆံရေးကို အလေးထားသွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနှင့် ဒေသတွင်း အဆင့်တွင် ပိုမိုနီးကပ်သည့် ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် မိမိတို့၏ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးအမြတ် ဖြစ်ထွန်းရေးတို့ကို ဆောင်ယူနိုင် ရန်အတွက် မိမိတို့သည် ဆက်လက်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်သွား မည်လည်း ဖြစ်ပါကြောင်း။

ယခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် ဆွေးနွေးဖက်နိုင်ငံ များအကြား လုံခြုံမှု၊ စုစည်းခိုင်မာမှုနှင့် စည်းလုံးမှုတို့ကို ဆောင်ကြဉ်း ပေးမည်ဖြစ်သည်ဟု မိမိတို့အနေ ဖြင့် ခိုင်ခိုင်မာမာယုံကြည်ထားပါကြောင်း။
မိမိတို့၏ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကို တစိုက်မတ်မတ် ကျင့်သုံးခြင်းကြောင့် ရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်သုံးသပ်ကြည့်ခြင်းဖြင့် မူကြီး(၅) ရပ်အပေါ် မိမိတို့၏ ယုံကြည်မှုများကို ပိုမိုဖြစ်စေပါကြောင်း။
သို့ဖြစ်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးတို့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်အား ကမ္ဘာလုံးဆိုင်ရာစံတစ်ခု အနေဖြင့် ကျင့်သုံးနေခြင်းကို ဆက်လက် ထိန်းသိမ်း မြှင့်တင်ကြပါစို့ဟု ကတိပြု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မစ္စတာဟာမစ် အန် ဆာရီနှင့်တရုတ် နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က အထိမ်းအမှတ် မိန့်ခွန်းပြောကြားကြသည်။
၁၉၅၄ ခုနှစ် ဇွန် ၂၈ ရက်တွင် နယူးဒေလီမြို့၌ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ သည် လည်းကောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်ကို လိုက်နာကျင့်သုံးကြရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ သည်မှာ ယခုနှစ်တွင် နှစ် (၆၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ညပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့် ဖျင်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် နှစ် (၆၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲကို ပြည်သူ့ခန်းမဆောင်ကြီး Golden Hall ၌ တည်ခင်း ဧည့်ခံရာ တရုတ်-မြန်မာ-အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြ သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲ၌သုံးနိုင်ငံ ယဉ်ကျေးမှုအကအဖွဲ့များက နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပဒေသာ များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

No comments:

Post a Comment