Sunday, June 29, 2014

မြန်မာ၊ တရုတ်၊ အိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်



ရန်ကုန် ဇွန် ၂၈
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ချက်ကြေညာခဲ့သည့်နှစ် (၆၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ယနေ့ညပိုင်းက ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ Mr.Chen Chen၊ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. YK Sailas Thangal၊ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ချက် စတင်ချမှတ်ခဲ့သည့် ၁၉၅၄ ခုနှစ်ကပင် မြန်မာနိုင်ငံသည် ယင်းမူကြီးများ အတိုင်းတိကျစွာ လိုက်နာကျင်းသုံးခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှအစဉ် အဆက်ကျင့်သုံးခဲ့သော လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒသည် ယင်းမူကြီး (၅)ချက်အပေါ်တွင် အခြေခံကြောင်း၊ ယနေ့ နိုင်ငံတကာတွင် သာတူညီမျှမှုနှင့် တရားမျှတမှုရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ချက်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးနှင့် လိုက်နာကျင့်သုံးရေးမှာ များစွာအရေးပါ လာပြီဖြစ်ကြောင်း၊
မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်ကြီးများအနေဖြင့် ယင်းမူကြီးများအား နိုင်ငံတကာမှ လက်ခံ ကျင့်သုံးရေးနှင့် ယင်းမူကြီးများ၏အရေးပါမှုကို မြှင့်တင်သွားရေး၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံများအကြား တန်းတူညီတူရှိရေး၊ နှစ်ဖက် အကျိုး ဖြစ် ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများရှိရေး၊ အများနှင့်သက်ဆိုင်သော လုံခြုံမှုရှိရေး၊ သာတူညီမျှမှုနှင့် တရားမျှတမှုရှိရေးအတွက် ထိန်းသိမ်းရေးနှင့် ချိန်ခွင်လျှာညီမျှသော ကမ္ဘာကြီး ဖြစ်စေရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ထပ်လောင်း ကတိပြု ပါကြောင်း၊ နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးဖြစ်သည့် ခိုင်မာပြီးအဓွန့်ရှည်သော ဆက်ဆံရေးအပေါ် အခြေခံကာ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အနေဖြင့် ယနေ့နှင့် အနာဂတ်တွင် ရင်ဆိုင်တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို အခြားသော ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ကမ္ဘာ့နိုင်ငံများနှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။


No comments:

Post a Comment