Saturday, June 28, 2014

၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်

 ရန်ကုန် ဇွန်လ ၂၈

၁၈၉၄ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ SORBONE တက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ အဆိုပါ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ စတင်ဖွဲ့စည်းသည့် ဇွန်လ(၂၃)ရက် နေ့ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင်ရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee) များက ဦးစီး ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစား လှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၊ အားကစားဝန်ကြီးဌာန တို့ က ဦးဆောင်ပြီး အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ကျင်းပရာ ယနေ့နံနက် (၆)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ကျိုက္ကဆံ အားကစားကွင်း အမှတ်(၉)ဂိတ်မှ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဦးသောင်းထိုက်တို့ ဦးဆောင်လျက် မြန်မာနိုင်ငံအိုလံပစ်ကော် မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်း  ခရိုင်တွင်းရှိမြို့နယ်များ စုစုပေါင်းအင်အား(၃၀၀၀)ခန့် စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်း ဒေသကြီး၊  သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သည့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းစနစ်နည်းပြ သင်တန်းဆင်းပွဲနှင့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားသရုပ်ပြပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်း အမှာစကားပြောကြား၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပထမဆုရ ရန်ကုန်တိုင်း ဒေသကြီးမှ မယမင်းသူအောင်၊ ဒုတိယဆုရ ကချင်ပြည်နယ်မှ မဇင်မိုးအေး၊ တတိယဆုရ မန္တလေးတိုင်းဒေသကြီးမှ မသက်ဆုခိုင်တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးကလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အိုလံပစ်နေ့ အထိမ်းအမှတ် ကဒ်များအား ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးကလည်းကောင်း လက်ခံရယူသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ အားကစား ဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သိန်း(၂၀)အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်မိုးဝင်း၊ ဦးသစ္စာနှင့် ဦးသောင်းစိန်တို့က ငွေကျပ် သိန်း(၃၀)ကို လည်းကောင်း၊  မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက၊ Net   Ray ကုမ္ပဏီလိမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်မာလာက ငွေကျပ်(၁၅)သိန်းနှင့် ADMA Media မှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင် က ငွေကျပ် (၁၀)သိန်းအား လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်အယ်လ်ခွန်းရီနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းအေးခိုင်တို့က လက်ခံရယူသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းစနစ်၊ နည်းပြသင်တန်းသူများမှ သရုပ်ပြသခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရေး အားကစားခန်းမ၌ ကျင်းပသော အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်နှင့် ဝူရှူးအဖွဲ့ချုပ် ဥက္ကဌတို့က ဆုများချီးမြှင့်ပေးသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကျောင်း (ရန်ကုန်)တွင် လေ့ကျင့် သင်ကြားပေးလျက်ရှိသော ပန်ကြပ်ဆီလပ်၊ ကရာတေးဒို၊ ကြက်တောင်၊ ဂျူဒို၊ ဘတ်စကက်ဘော အားကစားနည်းများကို လည်းကောင်း၊ SQUASH အားကစားရုံ တည်ဆောက်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ တိုက်ကွမ်ဒိုနှင့် တင်းနစ် အားကစားနည်းများ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အားကစားနည်းအလိုက် တာဝန်ရှိသူများအား အားကစားသမားများကြံ့ခိုင်မှုရှိစေရေး၊ စံချိန်စံညွှန်းများတိုးတက်မှုရှိစေရေး လေ့ကျင့်ရေးတွင် အားကစား ဝတ်စုံအပြည့်ဖြင့် လေ့ကျင့်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။









ဆက်လက်၍ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပသော မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် အိုလံပစ်အထိမ်းအမှတ် တိုက်ကွမ်ဒို သရုပ်ပြပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်ကြည့်ရှု၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E  Mr. Lee Baek Soon ကလည်းကောင်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် နာယက အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်တို့ က ဂုဏ်ပြုစကားများ အသီးသီး ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုလက်ရွေးစင် များက အိုလံပစ်နေ့ အထိမ်းအမှတ် တိုက်ကွမ်ဒိုစွမ်းရည် သရုပ်ပြသခဲ့သည်။ ဆက်လက်၍ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပသော အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးကာ အမျိုးသားအငယ်တန်းပြိုင်ပွဲနှင့် အလွတ်တန်း ပြိုင်ပွဲ အသက်(၅၂)နှစ်အထက် သက်ကြီးတန်းပြိုင်ပွဲ၊ အမျိုးသမီး ကာယကြံ့ခိုင်မှု (၅ပေ၃လက်မနှင့် ၅ပေ၃လက်မအထက်) (Model Physique) ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဝင် များက (၁၂)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး အောင်ပွဲရ မြန်မာအမျိုးသမီး ကာယကြံ့ခိုင်မှု အသင်းအား ဂုဏ်ပြုဆုငွေ ကျပ် သိန်း(၅၀) ပေးအပ်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။


ထို့နောက် (သုဝဏ္ဏ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် Joint Training သွားရောက်လေ့ကျင့်မည့် အမျိုးသား U-19 အသင်း၊ အမျိုးသမီး U-19 အသင်းနှင့် အမျိုးသမီး လက်ရွေးစင် အသင်းတို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က အားပေးစကားများ ပြောကြားပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လေ့ကျင့်ရေး မြက်ခင်းတု ကွင်းအား သွားရောက် ကြည့်ရှုခဲ့သည်။ ဆက်လက်၍ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် CEREZO OSAKA အသင်း တို့၏ ချစ်ကြည်ရေး  2014 YANMAR CUP ဘောလုံးပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှု အားပေး၍ ပြိုင်ပွဲမစတင်မှီ နှစ်ဖက်အသင်းများအား လိုက်လံလက်ဆွဲနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment