Sunday, June 29, 2014

သထုံခရိုင်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် မတည်ငွေပေးအပ်



သထုံ    ဇွန်    ၂၈
ယခု ပေးအပ်သည့် ငွေများမှာ ကျေးရွာဖွံဖြိုးရေး အတွက် အရင်းမပျောက် မတည်ငွေများ ဖြစ်၍ မိမိတို့ အနေဖြင့် ပေးအပ်ပြီးပါက လစ်လျူရှု မထားဘဲ အစဉ် လိုအပ်သည်များကို ကြည့်ရှု အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်၊ နံနက် ၉ နာရီခွဲက သထုံမြို့၊ သုဝဏ္ဏခန်းမတွင် ကျင်းပသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။ 





“ဒီငွေအားလုံးက အရင်းမပျောက် မတည်ငွေဖြစ်ပါတယ်။ မြို့နယ်အလိုက် ဆင်းရဲမှု အနိမ့်ဆုံး ကျေးရွာတွေကို စိစစ်ပြီး ဆင်းရဲမှုလျော့ချနိုင်ဖို့၊ မိသားစုအလိုက် ၀င်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အစရှိတဲ့ တစ်ပိုင်တစ်နိုင် ကုန်ထုတ် လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျေးရွာကော်မတီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ၀ိုင်းကြီးချုပ် စနစ်မျိုး ထုတ်ချေးပေးမှာပါ။ ရရှိလာတဲ့ အမြတ်ငွေတွေကိုလည်း ကျေးရွာ ကော်မတီက သင့်တော်သလို စီမံဆောင်ရွက် နိုင်ပါတယ်။ အဓိက ကတော့ အရင်းမပျောက်ဖို့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ကျေးရွာ ၈ ရွာအား တစ်ရွာလျင် ငွေကျပ် သိန်း ၃၀၀ စီကို ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ထုတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲမှု ပမာဏမှာ ၃၂ ရာခိုင်နှုန်း ရှိပြီး မွန်ပြည်နယ်မှာ ဆင်းရဲမှု ၁၅ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းစီမံကိန်းအရ မွန်ပြည်နယ်တွင် အရင်းမပျောက်မတည်ငွေ သိန်း ၃၀၀ စီ ရရှိသည့် ကျေးရွာပေါင်း ၂၁ ရွာရှိကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

No comments:

Post a Comment