Monday, June 30, 2014

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်မည့် အလားအလာများ ဆွေးနွေး


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မိုဟာမက်ဟာမစ် အန်ဆာရီတို့သည် ယနေ့နံနက်၁၁ နာရီခွဲတွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ပိုမိုတင်ပို့နိုင်မည့် အလားအလာများ၊ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း အကောင်အထည် ဖော်ဆောင်မှု အခြေအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ တို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၄၈ ခုနှစ်တွင် သံတမန် ဆက်ဆံမှု စတင်ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်မှုအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်း အဝေး တက်ရောက်ရန် လည်းကောင်း သွားရောက် ခဲ့သည်။
အလားတူ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မို ဟန်ဆင်းသည် ၂၀၁၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် မတ်လတွင် နေပြည်တော်၌ ကျင်းပသည့် တတိယ အကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် လည်းကောင်း လာရောက် ခဲ့သည်။ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟာမစ်အန်ဆာရီ သည် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့သည် အပြန်အလှန် ကုန်သွယ်မှု အနေဖြင့် ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် အတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံ ရှိခဲ့ပြီး ယင်းမှာ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ကထက် ၂၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။ အနာဂတ်တွင် ယခုထက် ပိုမိုမြှင့်တင် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment