နေပြည်တော်
မေ ၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ
ကင်းထောက်မောင်မယ်စခန်းသို့ သွားရောက်၍
ကင်းထောက် မောင်မယ်များအားတွေ့ဆုံအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသား သဘာဝဥယျာဉ်တွင်
ဖွင့်လှစ်ထားသည့် ကင်းထောက်မောင်မယ် စခန်းသို့ ရောက်ရှိရာကင်းထောက် လူငယ်မောင်မယ် များက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်ကြီးများ ဖြစ်ကြသည့် ဦးတင်ညို၊ ဦးသာစိန်၊ ဦးအောင်ကြည်နှင့် ကင်းထောက်အလံကိုင်
အဖွဲ့ခေါင်းဆောင် ဦးအေးကြိုင်တို့ ရှေ့မှောက်၌
ကင်းထောက်အလံကို ကိုင်ပြီးကင်းထောက်ကတိသုံးပါးကို
ရွတ်ဆိုကတိပြုကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏
ကင်းထောက်ချုပ်အဖြစ် ခံယူသည်။
ယင်းနောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့၏
ကင်းထောက်ချုပ် နိုင်ငံတော်သမ္မတကြီးအား ကင်းထောက်
မောင်မယ်များကကင်းထောက် အလေးပြုနည်းဖြင့် အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကင်းထောက်မောင်မယ်များ၏ ကင်းစိတ်အလိုက်စခန်းချ စွမ်းဆောင်မှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ကင်းထောက်မောင်မယ်များအား အမှာစကားပြောကြားရာတွင် ကင်းထောက်မောင်မယ်များ ကျန်းမာပျော်ရွှင်စေရန်
ဆုမွန်ကောင်းတောင်းပါကြောင်း၊ ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းသည် နိုင်ငံတော်သမ္မတ အနေဖြင့်သာမက လုပ်ဖော်ကိုင်ဖက် ကင်းထောက် နာယက အနေဖြင့်ပါလာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မောင်တို့ မယ်တို့သည် အနာဂတ်၏ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဝန်ကြီးများ၊ နိုင်ငံအကြီးအကဲများအဖြစ် တာဝန်ယူကြမည့်
မျိုးဆက် သစ်များဖြစ်သည့်အတွက် ယခုကဲ့သို့လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်တွင်
မောင် တို့မယ်တို့ အပါအဝင် စွမ်းဆောင်ရှင်များ၊
ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီမောင်မယ်များကို နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း။
ပြင်ဦးလွင်စခန်းသိမ်းပြီးသည်နှင့် နေပြည်တော်သို့
သွားရောက်ကြမည် ဖြစ်သည့်အတွက် နာယက ကိုယ်တိုင်
မောင်တို့မယ်တို့ကို လာရောက်ကြိုဆိုခေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်သည် မောင်တို့ မယ်တို့ လက်တွင်ရှိပါကြောင်း၊ အနာဂတ် ကောင်းရန်အတွက် မောင်တို့ မယ်တို့ ဗလငါးတန်နှင့်
ပြည့်စုံရန်လိုပါကြောင်း၊ ထို့ကြောင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် ပြုစုပျိုးထောင်နေခြင်း ဖြစ်ပါကြောင်း။
ကင်းထောက် လုပ်ငန်းသည်နိုင်ငံရေး၊ စစ်ရေးမစွက်ဖက်သော မွန်မြတ်သည့် လူမှုရေးလုပ်ငန်း သက်သက်ဖြစ်ပါကြောင်း၊ ကင်းထောက်လုပ်ငန်း၏
အဓိကရည်ရွယ်ချက်သည် တာဝန်သိသော နိုင်ငံသားတစ်ယောက်ဖြစ်အောင် လေ့ကျင့်တည်ဆောက်ပေးခြင်းပင်
ဖြစ်ပါကြောင်း။
မောင်တို့မယ်တို့ကိုကိုယ်ကျင့် တရားကောင်းအောင်၊ မိမိကိုယ်မိမိအားကိုးအောင်၊
အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင်၊
အမိန့်နှင့်သွန်သင်မှုများကိုနာခံတတ်အောင်၊
နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး သစ္စာစောင့်သိတတ်အောင်၊ လူမှုရေးကိစ္စများတွင် ကျွမ်းကျင်အောင်၊
အခြားသူများ အတွက်ပါ အသုံးဝင်သည့် နိုင်ငံသားတစ်ဦးဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက်များသည် သဘာဝနှင့် ပတ်ဝန်းကျင်ကိုလေ့လာရန်၊ ကြင်နာစိတ်မွေးရန်၊
တွေ့သမျှလူကို မိတ်ဆွေအဖြစ် သဘောထားရန်လိုပါကြောင်း၊ ယူနီဖောင်းဝတ်ထားသော်လည်းလူမှုရေးလုပ်ငန်း လုပ်ဆောင်သူသာ ဖြစ်ပါကြောင်း၊ ကင်းထောက်တို့၏ ဆောင်ပုဒ်ဟာ အစဉ်အသင့် (Be
prepared) ဖြစ်ပါကြောင်း။
ကင်းထောက်သမိုင်းကို ပြန်ကြည့်လျှင် ကင်းထောက်အဖွဲ့ကို
ဗြိတိန်နိုင်ငံသားဗိုလ်မှူးကြီးရောဘတ် ဗေဒန်ပိုဝဲလ်က
၁၉၀၇ ခုနှစ်တွင် လူ ၂၀ နှင့် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပါကြောင်း၊ ၎င်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပါကြောင်း၊ မြန်မာနိုင်ငံတွင်
၁၉၂၀ ပြည့်နှစ်တွင် ကင်းထောက်အဖွဲ့ကို
စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိမိမိတို့ နိုင်ငံတွင် ကင်းထောက်လုပ်ငန်းများ ဖွံ့ဖြိုးခဲ့ပါကြောင်း၊
နိုင်ငံ၏ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်သည် ကင်းထောက်အသင်း၏
နာယကဖြစ်သကဲ့သို့ သမ္မတကြီးဒေါက်တာဘဦး၊ မန်းဝင်းမောင်နှင့်
ဝန်ကြီးချုပ် ဦးနုတို့သည်လည်း ကင်းထောက်အသင်း၏ နာယကကြီးများ ဖြစ်ပါကြောင်း။
အမျိုးသမီးကင်းထောက်အသင်းကိုမူ ၁၉၁၆ ခုနှစ်တွင်
YWCA ခရစ်ယာန် အမျိုးသမီးအသင်းက အမျိုးသမီး
၃၀ နှင့်စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်တိုင်းပြည် မတည်ငြိမ်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရာမှ ၁၉၅၀ ပြည့်နှစ်တွင်
ဝန်ကြီးချုပ်ဦးနု၏ ဇနီးဒေါ်မြရီက ဥက္ကဋ္ဌတာဝန်ယူပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏
ဇနီးဒေါ်ခင်ကြည်သည်လည်း ကင်းထောက်ချုပ် အဖြစ်တာဝန်ယူခဲ့ဖူးပါကြောင်း၊ စာရေးဆရာမကြီး
ဒေါ်မြလေး (ဒေါ်သိန်းဆိုင်)၊ ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်)၊ စစ်ကိုင်းမြို့သူဒေါ်ကြည်ကြည်
တို့သည်လည်းထင်ရှားသော ကင်းထောက်အဖွဲ့
အကြီးအကဲများ ဖြစ်ခဲ့ပါကြောင်း။
၁၉၆၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့လုပ်ငန်းများရပ်ဆိုင်းသွားပြီးနောက်
နှစ် ၅၀ ကျော် မိမိတို့ အစိုးရ လက်ထက်တွင်
အသစ်တစ်ဖန်ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၁၂
ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား ၉၈ ဦးကိုရန်ကုန်တွင် အခြေခံသင်တန်းများ ပေးခဲ့ပါကြောင်း၊ ၂၀၁၂
ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၈ မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်းမှကျောင်းသားကျောင်းသူ
၁၈၀၀ဖြင့် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊
ယခုအင်အား ၂၀၀၀ ရှိပြီဖြစ်ပါကြောင်း။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံကင်းထောက်ကြီးများ
တွေ့ဆုံပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတုသဘင်ခန်းမ၌ ကျင်းပပြီးပထမအကြိမ် ကင်းထောက် လူငယ်တွေ့ဆုံပွဲ (Jamboree) ကို နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ဧပြီလကကျင်းပခဲ့ရာ ကင်းထောက်လူငယ် ၄၈၀ တက်ရောက်ခဲ့ပါကြောင်း၊
ဧပြီ ၈ ရက်တွင် ဘက်စုံထူးချွန်မောင်မယ်များ၊ ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက်လူငယ်များကို နိုင်ငံတော်သမ္မတကဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ယခု လည်း မေ ၃ ရက်တွင် နေပြည်တော် သမ္မတအိမ်တော်၌ တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း။
မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတကာ
အဆင့်အတန်းမီ ကင်းထောက်များဖြစ်အောင် လေ့ကျင့်ကြရန်၊ နိုင်ငံတော်အတွက် ဒုတိယမျိုးဆက်သစ်အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသော ကင်းထောက်မောင်မယ်
များ ဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ အားကင်းထောက်လူငယ် မောင်မယ်များက အမှတ်တရလက်ဆောင် ကိုပေးအပ်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက ကင်းထောက်မောင်မယ်စခန်း ဧည့်သည် တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး
ကင်းထောက်ကြီးများ၊ ကင်းထောက်မောင်မယ်များနှင့် အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။
အဆိုပါ ကင်းထောက်မောင်မယ်စခန်းတွင် နိုင်တစ်ဝန်းရှိ
အခြေခံပညာ ကျောင်းများမှ အမျိုးသား၊ အမျိုးသမီး ကင်းထောက်မောင်မယ် စုစုပေါင်း ၄၉၀ နှင့်
ကြီးကြပ်ဆရာ ဆရာမ ၈၀ စုစုပေါင်း ၅၇၀ တို့က ဧပြီ ၂၉ ရက်မှစတင်၍ စခန်းချလျက်ရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ဆောင်ရွက်ခြင်း၊ ကင်းထောက် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းနှင့် ကင်းထောက် ကင်းစိတ်များအလိုက်
စွမ်းရည်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


No comments:
Post a Comment