Tuesday, May 27, 2014

၂၀၁၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းနား ကျင်းပ


မော်လမြိုင်      မေ      ၂၄
မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို မေလ (၂၄)ရက်၊ နံနက်(၇)နာရီခွဲ အချိန်တွင် မော်လမြိုင်မြို့ အာကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဌာန ၀န်ကြီးဦးဝင်းမော်ဦးက ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲနှင့် ပက်သက်၍ ရှင်းလင်း တင်ပြရာတွင် ယခုလို သစ်ပင်စိုက်ပွဲတော်ကို မွန်ပြည်နယ်တွင် သာမက မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်နှစ်တိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ သစ်ပင် စိုက်ပျိုးပေးခြင်းကြောင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာ လှပစေရန်၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းညှိနိုင်စေရန်၊ ဒေသခံပြည်သူများ အနေဖြင့် သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းတတ် စေရန်နှင့် စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်အောင်မြင်စေရေး ပြည်သူလူထုများ၊ ကျောင်းသား/သူများမှ ပူးပေါင်းပါဝင်လာစေရန် စသည်တို့ ဖြစ်ကြောင်း၊ သစ်ပင်စိုက် ပွဲတော်များ အပြင် ကျေးလက်အိမ်ယာ ထူထောင်ရေး လုပ်ငန်းများဖြစ်သော တစ်အိမ်ထောင် ကျွန်းပင်(၃)ပင်၊ တစ်အိမ်ထောင် သစ်မာပင် (၂၀) ပင်၊ တစ်ရာ (၁)ဧက၊ ဆက်သွယ်ရေး လမ်းဘေးဝဲယာ ကျွန်းစိုက်ပျိုးခြင်း၊ ပျိုးပင်များကို သက်ဆိုင်ရာ မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် ပျိုးပင်ပေါင်း (၂၁၀၀၀၀) ပင်ကို လုံလောက်စွာ ပျိုးထောင် ထားရှိပြီး ပြည်သူများ အနေဖြင့် လိုအပ်သောပျိုးပင်များကို အခမဲ့လာရောက် ယူဆောင်၍ စိုက်ပျိုး နိုင်ကြောင်း ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးကျင်ဖေတို့က မယ်တယ်ပင်ကို စိုက်ပျိုးပေး ကြပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူလူထုများ၊ လူမှုရေး အဖွဲ့အစည်း ၀င်များ၊  ကျောင်းသား/သူများမှ စုပေါင်း၍ တစ်ပျော်တစ်ပါး စိုက်ပျိုးပေးကြသည်။
ယနေ့ ကျင်းပပြုလုပ်သော ၂၀၁၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတွင် မယ်တယ်၊ ခရေ၊ ကံ့ကော်၊ ပိတောက်၊ ရင်းမာ၊ ကျွန်း၊ မဟော်ဂနီ၊ စကားဝါပင်ပေါင်း (၆၃၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ၀န်ကြီးချုပ် ဦးအုန်းမြင့်နှင့် အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)၏ အလျား (၁၂၀) ပေ၊ အနံ(၆၀) ပေနှင့် အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ အားကစားခန်းမ (၆)ခန်းတွဲ၊ စာသင်ခန်းမ(၂)ခု၊ အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်၊ စားရိပ်သာ၊ ၀န်ထမ်းအိမ်ယာ၊ ဘော်လုံးကွင်း ဆောက်လုပ်ပြီးစီးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ အချိန်မှီပြီးစီးရေး၊ စံချိန်စံညွှန်းမှီ ဆောက်လုပ်ရေး စသည်ဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment