Tuesday, May 27, 2014

ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားမှု လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား







မော်လမြိုင်      မေ      ၂၅
မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် ယနေ့နံနက် (၉)နာရီခွဲ ချိန်တွင် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း ယင်းမာခန်းတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ပညာနှစ် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားမှု လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ဒုတိယဥက္ကဌနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ကော်မတီ(၄)ရပ်မှ ကော်မတီဝင်များ၊ မြို့နယ် (၁၀)မြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ မော်လမြိုင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောက်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ် အနေဖြင့် ပထမအဆင့် အမျိုးသား ပညာရေး စည်းရုံးလှုပ်ရှားမှုအဖြစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု၊ ဘက်စုံ ပညာထူးချွှန်လူငယ်၊ ကြက်ခြေနီ ထူးချွှန် လူငယ်နှင့် ကင်းထောက်လူငယ် လှုပ်ရှားမှုများကို မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဒုတိယအဆင့် အမျိုးသားပညာရေး လှုပ်ရှားမှု အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ဘုန်းတော်ကြီး ပညာရေး လုပ်ငန်းများကို အားပေး ကူညီ မြှင့်တင်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်သွားကြ ရမှာ ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် မွန်ပြည်နယ်အတွင်း မြို့နယ် အလိုက် Compaign အသွင်အဖြစ် ဆောင်ရွက်သွား ကြမှာဖြစ်တဲ့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးများအား စည်းရုံး လှုပ်ရှားမှု လုပ်ငန်းများ အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ်(၁၀)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ လုပ်ငန်းတာဝန် ပေးအပ် လွှာများကို ပေးအပ်သည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ် မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ပညာရေးမှူး များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီဝင်များ၊ ကျောင်းဆရာ/ဆရာမများ စုပေါင်း၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေးအတွက် မိဘပြည်သူပညာပေး (Parents Educate) လုပ်ငန်းများကို ကွင်းဆင်းစည်းရုံး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment