Tuesday, May 27, 2014

ပြန်လည်အပ်နှံသည့် တပ်ပြင်ပ စိုက်ပျိုးမြေများအား တောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ ကျင်းပ




သထုံ  မေ  ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည် အပ်နှံသည့် တပ်ပြင်ပ စိုက်ပျိုးမြေများအား တောင်သူများသို့ ယာယီ လုပ်ပိုင်ခွင့် လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီက သုဝဏ္ဏ ခန်းမတွင် ကျင်းပသည်။
ရှေဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်နှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးမျိုးညွန့်တို့က အမှာစကား ပြောကြားပြီး ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ယာယီ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ တာဝန်ရှိသူတို့က လုပ်ကိုင်ခွင့် ရရှိသူ တောင်သူ များအား ယာယီလုပ်ကိုင်ခွင့် လက်မှတ်များ ပေးအပ်ခဲ့သည်။
တပ်ပြင်ပ စိုက်ပျိုးမြေများအား ဒုတိယအကြိမ် တောင်သူများသို့ ပြန်လည်ပေးအပ်ရာတွင် သထုံခရိုင် အတွင်း ၁၁၉၈.၅၅ ဧက ရှိသည့်အနက် သထုံမြို့နယ်မှာ ရရှိမှုအများဆုံး ဖြစ်ကြောင်း၊ စွန့်လွှတ် မြေ ၅၇၁.၄၇ ဧက အနက် စိုက်ပျိုး လုပ်ကိုင်နိုင်သည့်မြေ ၄၅၈.၆၇ ဧကကို တောင်သူ ၁၀၇ ဦး သို့ ယာယီလုပ်ပိုင်ခွင့် လက်မှတ် များကို စိုက်ပျိုးချိန် အမှီ ပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ရရှိသူများကလည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဒေသ၏ လယ်ယာကဏ္ဍ မြှင့်တင်နိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေးတို့ အတွက် နိုင်ငံတော်နှင့်အတူ ပူးပေါင်း ကြိုးပမ်းကြ စေလိုကြောင်းဖြင့် ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ ကတိုက်ကြီးကျေးရွာမှ တောင်သူ ဦးနီက “အဘ အသက် ၁၇ နှစ်လောက်ကစပြီး လယ်လုပ်လာတာ အခု အသက် ၅၈ နှစ်ရှိပြီ၊ ဒီနေ့မှာ ခမရ (၂၀၆) က စွန့်လွှတ်မြေ ၅ ဧကကို ပြန်လည် ရရှိပါတယ်။ အခုလို မိဘဘိုးဘွား ပိုင်တဲ့မြေကို ပြန်ရရှိတာ ပြောမပြ တတ်အောင် ၀မ်းသာပြီး ကျေးဇူးလည်း တင်ပါတယ်။ ရာသက်ပန် ပိုင်ဆိုင်ခွင့် ရရှိဖို့အတွက် စည်းမျဉ်း တွေနဲ့အညီ လုပ်ကိုင်သွားမှာပါ။ အထွက်နှုန်း ကောင်းဖို့ အတွက်ဆိုရင်တော့ ဓါတ်မြေသြဇာနဲ့ မျိုးကောင်းမျိုးသန့် တွေရရှိဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီး ဒေါက်တာခင်မောင်သွင်၊ စိုက်ပျိုးရေးဝန်ကြီး ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဘသိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းဖေ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ခရိုင်နှင့် မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြု ကော်မတီ ၀င်များ၊ တောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment