Monday, April 28, 2014

မြိတ်မြို့မှ ဘန်ဘောက်မြို့သို့ Union Express Charter Cargo Air Line မှ စတင် ပျံသန်းပြေးဆွဲတော့မည်

မြိတ် ဧပြီ ၂၇ ရက်
မြိတ်ဒေသရှိ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးအတွက် Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပို ရေးရှင်းလီမိတက်တို့ပူးပေါင်း၍

Union Express Charter Cargo Air Line ဖြင့် မြိတ်မြို့မှ ဘန်ကောက် မြို့သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းကို မေလ(၈) ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲတော့မည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါလေကြောင်းလိုင်းကို ဧပြီလ(၂)ရက်က မြိတ်လေဆိပ်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ ၄င်းလေကြောင်း လိုင်းတွင် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းလိုင်းလုပ်ငန်းများ ပျံသန်းပြေးဆွဲ နိုင်ရေးအတွက် ကုမ္ပဏီမှ တာဝန် ရှိသူများကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ မကြာမီအချိန်တွင်းမှာ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ဒေသထွက် ကုန်ပစ္စည်းများကို အချိန်တိုတွင်းမှာ ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။
ယခုကဲ့သို့ မြိတ်-ဘန်ကောက်ခရီးစဉ် ပျံသန်းပြေးဆွဲတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသန္တရဗဟုသုတများ ရရှိနိုင်ရန်၊ အပန်းဖြေနိုင်ရန်၊ ကျန်းမာရေးအတွက် လိုအပ်သော ဆေးစစ်ကုသမှုခံယူနိုင်ရန် အလွယ်တကူ သွားရောက်နိုင်တော့မည်ဖြစ်ပြီး အသွားအပြန်ခရီးစရိတ်မှာလည်း အမေရိကန်ဒေါ်လာ(၁၄၀)ဒေါ်လာသာကျသင့်သဖြင့် ပြည်သူများ အနေဖြင့် ၀မ်းသားပီတိဖြစ်လျက်ရှိကြ သည်။ အလားတူ ဒေသတွင်းလုပ်ငန်းရှင်များမှလည်း မိမိတို့၏လုပ်ငန်းများ အချိန်တွင်းမှာ ပိုမိုတွင်ကျယ်စွာ တိုးချဲ့ လုပ်ကိုင်လာနိုင်တော့မည်ဖြစ်သည်။

Myanmar Union Express Charter Air Line တွင် ပြေးဆွဲမည့် လေယာဉ်မှာ Boeing 737 လေယာဉ် ဖြစ်ပြီး မေလ(၈)ရက်နေ့မှ စတင်ကာ မြိတ်မြို့မှ ဘန်ကောက်မြို့သို့ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့တိုင်းတွင် ခရီးသည်(၁၆၈)ဦးလိုက်ပါနိုင်ပြီး ကုန်တန်ချိန်(၂)တန်ကို ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ၎င်းလေကြောင်းလိုင်းတွင် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများ အတွက် လေကြောင်းလိုင်း တာဝန်ရှိ သူများမှ နိုင်ငံကူးလက်မှတ် (Passport)နှင့် ပြည်ဝင်ခွင့် (Visa) များပြုလုပ်နိုင်ရေး အတွက် ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment