Monday, April 28, 2014

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း DVB- T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မုံရွာ ဧပြီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့် (E) ရှိသောအိမ်ထောင်စုများသို့ DVB- T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ဧပြီ ၂၇ရက် နံနက် ၈နာရီတွင် မုံရွာမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မုံရွာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုအရ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် အတွက်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် အလျင်အမြန်အကျိုး သက်ရောက်မှုရရှိစေသော ဝန်ဆောင်မှုများ ပေးနိုင်ရန် အတွက်လည်းကောင်း၊ ပြည်သူဗဟိုပြု သော လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ပြာင်းလဲ သည့်အခါ အထိုက်အလျောက် ထိခိုက်နစ်နာဖွယ်ရှိသူများအား အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရား ရှိမှုအရလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန် ချက်နှင့်အညီ ရုပ်သံလိုင်းများကို Anologue စနစ်မှ Digital စနစ်သို့ ပြောင်းလဲသည့်အခါ နောက်ကျကျန်မှုကို ကျော်လွှားနိုင်ရေး အတွက် အထောက်အကူပြုသည့်အနေဖြင့် Digital ထုတ်လွှင့်သည့်စက်များကို ပြောင်းလဲတပ်ဆင်ပြီး ယင်းထုတ်လွှင့် မှုကို ဖမ်းယူသည့် Set Top Box များကို လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ယနေ့လှူဒါန်းမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူမှုအဖွဲ့အစည်း (၂၉၇၀) ခုနှင့် လူနေမှုအဆင့် (E)ရှိသော ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု (၂၁၄၈၄)စုတို့အတွက် Set Top Box အလုံးရေ (၂၄၄၅၄)လုံးကို ပေးအပ်လှူဒါန်းခြင်းဖြစ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ယနေ့ခေတ်ကာလသည် ရွာလေးတစ်ရွာသာဖြစ်နေသည့် ကမ္ဘာကြီးတွင်လည်း မီဒီယာများ၏လွှမ်းခြုံမှုအင်အားသည် အလွန်ပင်ကြီးမားလှပါကြောင်း၊ ကမ္ဘာ့ပြည်သူများ ကလည်း မီဒီယာများ၏ ခေါ်ဆောင်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါဆောင်ရွက်နေသည့် ခေတ်ကာလကြီးပင်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန် အရေးကြီးသည့်ကာလပင်ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးခိုင်ခန့်ရန်လည်း လိုအပ်သည့် အချိန် အခါဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေ ချိန်တွင် မြန်မာ့မီဒီယာများကိုလည်း ခေတ်စနစ်နှင့်လျော်ညီစွာ မီဒီယာဝန်းကျင် တစ်ခုဖြစ်လာစေရန် အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြမည်ဖြစ် ပါကြောင်း။
ပြည်သူလူထု ဗဟိုပြုပြီး ပြည်သူများအတွက် ဦးစားပေးအလေးထား ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် ပြည်သူများဗဟုသုတ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်လာကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် အများပြည်သူအကြား မီဒီယာနည်းလမ်းများဖြင့် သတင်းအမှန်များကို ပြန်ကြားပေးနေ သည့်အတွက် ပြည်သူများသိသင့် သိထိုက်သည်များနှင့် ပြည်တွင်း ပြည်ပသတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အတွက် အချိန်တိုအတွင်း အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာဗဟုသုတများတိုးပွား လာနိုင် မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူမှုရေးအဆင့် (E) အိမ်ထောင်စုများအတွက် DVB- T2 Set Top Box များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက DVB- T2 Set Top Box များကို လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများလက်ဝယ်သို့ပေးအပ်ရာ ဒေသခံပြည်သူ ဦးလှဟန်က လက်ခံရယူပြီး DVB- T2 Set Top Box များ အခမဲ့ပေးအပ်လှူဒါန်းခြင်းအတွက် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အင်ဂျင်နီယာအဖွဲ့က DVB- T2 Set Top Box တပ်ဆင်အသုံးပြုပုံကို လက်တွေ့သရုပ်ပြရှင်းလင်းကြသည်။
အဆိုပါ DVB- T2 Set Top Box များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့် နေသော MRTV , MITV , တောင်သူလယ်သမားရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်း သားရုပ်သံလိုင်းများ မြ၀တီရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော ရုပ်သံလိုင်းများ၊ Forever Group မှ ထုတ်လွှင့်သော MRTV- 4 အပါအဝင် ရုပ်သံလိုင်း လိုင်း စုစုပေါင်းရုပ်သံလိုင်း ၁၆ လိုင်းခန့်ကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်ကြောင်းနှင့် ဖမ်းယူသည့် Set Top Box ကို လျှပ်စစ်မီး AC နှင့်သော် လည်းကောင်း၊ ဘက္ထရီ (DC) ဖြင့်သော်လည်းကောင်း အသုံးပြုနိုင်အောင် ထည့်သွင်း ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် မုံရွာမြို့ရှိ တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေဆုံသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲများ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် လူထုပညာ ပေးရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စာပေရေချမ်းစင်များ၊ Digital Library များကို ပြည်သူများ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် လူစည်ကားရာရုံး ဌာနများ၊ ကျောင်း၊ ဈေး၊ ကားဂိတ်နှင့် သင်္ဘောဆိပ်များတွင် ပြည်သူများလက်လှမ်းမီဖတ်ရှုနိုင် ရန်စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေး ဝန်ထမ်းများအနေဖြင့် မိမိတို့ပေးလိုသည့် လူထုအသိပညာပေး လုပ်ငန်းများကို ပြည်သူလူထုထံသို့ ရောက်ရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ထို့အတူ ပြည်သူများ၏ သတင်း အချက်အလက် ရရှိပိုင်ခွင့်ကိုဖြည့်ဆည်းပေးရန်အတွက် ကျေးရွာတိုင်းသို့ သတင်းစာရောက်ရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများအား ဖျော်ဖြေရေး အတွက် ရုပ်သံလိုင်းများကို Anologue စနစ်မှ Digital စနစ်သို့ကူးပြောင်း၍ DVB - T2 စနစ်ဖြင့် ပြောင်းလဲထုတ် လွှင့်ရေး ကိုလည်း အဆင့်အလိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့ပြင် မြန်မာ့အသံ၊ ရေဒီယိုကိုလည်း ယခုထက်အသံ ပိုမိုကြည်လင်ပြတ်သားစွာ ဖမ်းယူနား ဆင်နိုင်ရန်အတွက်လည်း FM လွှင့်စက်များကို လူဦးရေထူထပ်သောမြို့ကြီးများနှင့် နယ်စပ် ဒေသမြို့များတွင် စတင်တပ်ဆင်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သော ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ဗောဓိတစ်ထောင်ထပ်ဆင့်လွှင့် စက်ရုံတွင် DVB - T2 လွှင့်စက်များဖြင့် ရုပ်သံလိုင်းများထုတ်လွှင့်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment