Tuesday, April 29, 2014

နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၉)
နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း တက်ရောက်ပြီး
ဆရာတော်ကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အားလုံးက ပေါင်းစပ်ညှိနှိုင်းပြီး အဆင်ပြေပြေဖြင့် အစီအစဉ်တကျ အချိန်ကိုက် ဆောင်ရွက်နိုင်စေရန် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် အခမ်းအနားအစီအစဉ်များကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
 ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ၊ မြို့ပြ/ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ လူမှုရေးဆိုင်ရာဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီနှင့် စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးကော်မတီတို့မှ ဒုတိယဝန်ကြီးများက ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
 ဆက်လက်၍ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားကျင်းပရေး အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးဆပ် ကော်မတီ၊ သာသနာရေးဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပင့်ဖိတ်ဆက်ကပ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီနှင့် လုံခြုံရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်။ 

No comments:

Post a Comment