Tuesday, April 29, 2014

မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော် ဧပြီ ၂၉

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Yashihiko NODA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် (၉) နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ဆုံဆွေးနွေးခွင့် ရရှိ၍ ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လမ်း/တံတား/ အဆောက်အအုံ အိမ်ရာစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ အကူအညီ အထောက်အပံ့များနှင့် နည်းပညာအကူအညီ
ရရှိရေးမျှော်လင့်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသော လမ်း/တံတားများ အသစ်တည် ဆောက်ခြင်း၊ အဟောင်းများ ပြုပြင်ခြင်း လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် Urban Development ကို အဓိကထား ဆောင်ရွက်လျက် ရှိကြောင်း၊ သီလဝါ အထူးစီးပွားရေး ဇုန်ကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး Greater Yangon ကို အကောင် အထည်ဖော် ဆောင်ရွက်ရန်လည်း ရှိပါကြောင်း၊ National Redevelopment Plan ကို JICA နှင့် ပူးပေါင်းရေး ဆွဲနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Yashihiko NODA က ယခုဆွေးနွေးပွဲသည် အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ယခင်ကတည်းက မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ ကြွေးမြီများ လျှော့ချရေး ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နောင်အရှည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက မြန်မာနိုင်ငံရှိ လမ်း/တံတား/ အခြေခံ အဆောက်အအုံ ဆိုင်ရာ ကိစ္စရပ်များ အထောက်အပံ့ အကူအညီ ရရှိရေး၊ နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

No comments:

Post a Comment