Friday, April 25, 2014

ဘက်စုံပညာ ထူးချွန် အပန်းဖြေ စခန်း အင်းလေး ဒေသတွင် ဖွင့်လှစ်မည်




အခြေခံ ပညာ ဦးစီး ဌာနများ အလိုက် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် စိစစ် ရွေးချယ် ခဲ့သော န၀မတန်း ဘက်စုံပညာ ထူးချွန် လူငယ် ကျောင်းသား ကျောင်းသူ များကို အင်းလေး ဒေသတွင် အပန်းဖြေ စခန်းဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘက်စုံ ပညာ ထူးချွန် အပန်းဖြေ စခန်း (အင်းလေး)ကို ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်ပြီး န၀မတန်း ဘက်စုံပညာ ထူးချွန် လူငယ် ကျောင်းသား ကျောင်းသူ ၁၇၅ ဦး လာရောက် အပန်း ဖြေမည် ဖြစ်သည်။ အပန်းဖြေ စခန်းတွင် ဆွေးနွေး ပွဲများ ကျင်းပခြင်း၊ လူရည် ချွန် ကျောင်းသား ကျောင်းသူ ဟောင်းများနှင့် တွေ့ဆုံခြင်း၊ ပညာပေး ပြခန်းများ ပြသခြင်း၊ အင်းသား ရိုးရာ လှေပြိုင်ပွဲ၊ ရိုးရာ ဆွမ်းပို့လှေ၊ ဈေးရောင်း လှေ၊ ငါးဖမ်း လှေများ လှော်ခတ် ပြသခြင်း၊ အင်းလေး ကန်အတွင်း လေ့လာရေးခရီး စဉ်များအဖြစ် ဖောင်တော်ဦး ဘုရား၊ အလိုတော် ပေါက် ဘုရားများသို့ သွားရောက် ဖူးမြော်ခြင်း၊ ရေခြံစိုက်ပျိုးရေး လုပ်ငန်းများ၊ ငွေထည်နှင့် ရက်ကန်း လုပ်ငန်း များ လေ့လာခြင်း၊ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ မြို့များသို့ သွားရောက် လေ့လာခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စိန်နားပန် မီးပုံးပျံ လွတ်တင် ခြင်းများဖြင့် ဧည့်ခံ သွားမည်ဟု သိရသည်။
ဘက်စုံပညာ ထူးချွန် အပန်းဖြေ စခန်း (အင်းလေး)သို့ ကျောင်းသား ကျောင်းသူများ ဧပြီ ၂၆ ရက်တွင် ရောက်ရှိ မည်ဖြစ်ပြီး မေ ၁ ရက်ထိ လေ့လာ အပန်း ဖြေမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment