Friday, April 25, 2014

မိမိတို့နိုင်ငံ၌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေ

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန် တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရှင်စောပု ခန်းမ၌ ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေး ကော်မတီများ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများ၊ စည်ပင် သာယာရေး ကော်မတီများ၊ နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။





အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော် နာယကက အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ကျင့် သုံးပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် ဖြစ်ပေါ် လာရေး ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် လျက်ရှိကြောင်း၊ ယင်းသို့ အကောင် အထည်ဖော် ဆောင်ရွက်နိုင် ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့၍ ဖြစ်ပါကြောင်း၊၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်များအရ လွှတ်တော်များ ပေါ်ပေါက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အစိုးရ အဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ ပါကြောင်း။
၂၀၁၁ ခုနှစ် အောက်တို ဘာလ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ခဲ့ပြီး ကြားဖြတ် ရွေးကောက် ပွဲကျင်းပ နိုင်ခဲ့၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ရွေးချယ် ခံခဲ့ရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် နောက်ပိုင်း၌ မိမိတို့၏ ရည်မှန်းချက် ဖြစ်သော ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ် လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီဟု နိုင်ငံတကာက အသိအမှတ်ပြု လာခဲ့ကြောင်း၊ ပိတ်ဆို့ အရေး ယူမှုများ ကိုလည်း ဖြေလျှော့ ပေးလာ ခဲ့ကြောင်း၊ နိုင်ငံတကာနှင့် ပုံမှန် ဆက်သွယ် ဆက်ဆံ လာနိုင်ခဲ့ကြောင်း။
မိမိတို့ လွှတ်တော် အပါအဝင် အစိုးရအဖွဲ့အနေဖြင့် အပြောင်း အလဲများ လုပ်ဆောင် ရာတွင် လွယ်လွယ်နှင့် မရနိုင်ဘဲ အခက်အခဲများ ကြုံတွေ့ နိုင်သည်ကို သိရှိ ထားပါကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် ဆိုလျှင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နိုင်မှသာ ဖြစ်မည် ဆိုသော အသိဖြင့် မဖြစ်ဖြစ်အောင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာကို ကြည့်မည် ဆိုပါက အာဏာရအဖွဲ့ အစည်းအနေဖြင့် အာဏာကို ချောမော ပြေပြစ်စွာ လွှဲပြောင်းပေး ခြင်းမှာ ခဲယဉ်းပြီး မရှိသလောက် ပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် အာဏာ ရှိသူနှင့် အာဏာ ပြန်လိုသူ ပြည်သူများ အကြား ပဋိပက္ခများ ဖြစ်ပွားပြီး ပြည်သူ အများအပြား အတိဒုက္ခ ရောက်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့ နိုင်ငံတွင် ယင်းသို့ မဖြစ်ပေါ် စေရန် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိသည့် ပါတီက ဖွဲ့စည်းပေး လိုက်သည့် အစိုးရသစ် တက်လာပြီး နောက် တစ်ပါတီစနစ် မဟုတ်ဘဲ ပါတီစုံစနစ် ကျင့်သုံးခဲ့ကြောင်း၊ ပါတီ များအားလုံးသည် အမျိုးသားအကျိုး စီးပွားကို အခြေခံ၍ ပါတီမူဝါဒ ချမှတ် ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်များ အတွင်း၌ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ မထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် အားလုံးပါဝင် ဆောင်ရွက်မည် ဆိုသည့် ခံယူချက်ထားရှိ ဆောင်ရွက် နေပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ နိုင်ငံ၌ ပါတီပေါင်း ၆၅ ပါတီ ရှိလာပြီ ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ အမှန် တကယ် လိုအပ် နေသည်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ် ရေးပင် ဖြစ်ကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေး ရရှိ နိုင်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး ရှိအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် ပါတီ အသီးသီး အနေဖြင့် တစ်ပါတီနှင့် တစ်ပါတီ ရန်သူလို သဘော မထားဘဲ လုပ်ဖော် ကိုင်ဖက်လို သဘောထား ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အားလုံး ပါဝင်ကြရန် ဖိတ်ခေါ်လျက် ရှိပါကြောင်း၊ အတိတ် သမိုင်းကြောင်း ကိုကြည့်ပါက ကြွေးကြော် သံများဖြင့် လုပ်ခဲ့ ကြသော်လည်း အောင်မြင်မှု မရခဲ့ကြောင်း၊ အစွဲအလမ်း ကြီးပြီး ခေတ်အဆက်ဆက် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရန်ဖြစ် နေကြ၍ ဒုက္ခ ရောက်ရသည်မှာ ပြည်သူများပင် ဖြစ်ကြောင်း။
တစ်ပါတီနှင့် တစ်ပါတီ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုတ် တိုက်၍ မရပါကြောင်း၊ ရုပ်ပိုင်း ဆိုင်ရာအရ ကျဆုံးသွား သော်လည်း စိတ်ပိုင်း ဆိုင်ရာအရ ကျန်နေဦးမည် ဖြစ်ကြောင်း၊ တစ်ပါတီနှင့် တစ်ပါတီ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြတ်ရှင်း၊ အပြုတ်တိုက် ဆိုသည်မျိုး လက်ခံ ကျင့်သုံး၍ မရပါကြောင်း၊ ယင်းသို့ ဖြစ်နေလျှင် အခြားနိုင်ငံ များထက် ဖွံ့ဖြိုးမှု နောက်ကျကျန် နေဦးမည် ဖြစ်ကြောင်း၊ အမျိုးသား ရေးကို အခြေခံ ဖွဲ့စည်း ထားသည့် ပါတီတိုင်းတွင် ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်း ချက်များ ရှိကြကြောင်း၊ ပါတီ တစ်ခုနှင့် တစ်ခု အပြောနှင့် ပြိုင်၊ အလုပ်နှင့် ပြိုင်ကြ ရမည်ဖြစ်ပြီး မည်သူက အမှန် တကယ် လုပ်ပေး နိုင်မည်ကို ပြည်သူများက စဉ်းစားဆုံးဖြတ် ရွေးချယ် ရမည်သာ ဖြစ်ကြောင်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ခြင်း ကိုလိုလားပြီး အသစ် ရေးဆွဲခြင်းကို မလိုလား ပါကြောင်း၊ အတည်ပြု ပြဋ္ဌာန်း လိုက်သည့် ဖွဲ့စည်းပုံကို လောလောဆယ် အားဖြင့် မိမိတို့ လိုက်နာ ရမည်သာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံတစ်ခု အသစ် ရေးဆွဲမည် ဆိုပါက မလိုလား အပ်သော ကိစ္စများ များစွာ ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ပြင်စရာရှိက ပြင်ရန်၊ ပြောင်းစရာရှိက ပြောင်းရန်သာ လိုကြောင်း၊ အခြား နိုင်ငံများကို ကြည့်ပါ ကလည်း ပြင်ခဲ့၊ ပြောင်းခဲ့ သည်များ ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့်ပတ်သက်၍ မူဘောင် အတွင်းမှ ဆောင်ရွက် သွားရန် လိုလား ပါကြောင်း၊ တိုင်းပြည်ကောင်းစားရေး၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက်ဆိုလျှင် ထောက်ခံရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင် ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ခေါင်းစဉ် တစ်ခုပင် ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲ ရေးကို တစ်ရက်တည်း၊ တစ်ကြိမ်တည်း လုပ်၍ မရနိုင်ကြောင်း၊ အစဉ်တစိုက် လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေးကို အဓိက လုပ်ဆောင်ခဲ့၍ ထိုက်သင့် သလောက် ခရီးရောက် ခဲ့ပြီဖြစ်ကြောင်း၊ အခုရေတွင်းတူ အခုရေ ကြည်သောက်၍ မရနိုင် ပါကြောင်း။
လွှတ်တော်များ၏ တာဝန်သည် ဥပဒေ ပြဋ္ဌာန်းရန် အဓိကဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် ရာတွင် ဥပဒေများ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်း များကို ဆောင်ရွက်ရန်လိုကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များသည် ခက်ခဲသော်လည်း ကြောက်ရွံ့ နေ၍မရဘဲ ဆက်လုပ် သွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်၊ အစိုးရ သာမက ပြည်သူများကပါ ပြောင်းလဲရာတွင် ပါဝင်ကြရမည် ဖြစ်ကြောင်း၊ ပြောင်းလဲရာတွင် Mindset များ ပြောင်းလဲရန်လည်း လိုအပ် ပါကြောင်း၊ ဆန့်ကျင်ဘက် ပြောတိုင်း အကောင်း ဘက်သို့ ဦးတည်ခြင်း မဟုတ်ပါကြောင်း၊ သတင်းမီဒီယာများ အပိုင်း ကလည်း မှန်မှန် ကန်ကန် ပါဝင်ရန် လိုကြောင်း။
နိုင်ငံတော် သမ္မတကြီးက ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်အောင် ဆောင်ရွက် ရမည်၊ ပြည်သူ ကိုဗဟိုပြု ဆောင်ရွက် ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ရာတွင် အထောက် အကူ ဖြစ်စေရေး အတွက် မြို့နယ်များ၌ စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီ တို့ကို ဖွဲ့စည်း ပေးထားကြောင်း၊ ကျေးရွာ အဆင့်၌ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့များ ရှိကြောင်း၊ ယင်းအဖွဲ့ များသည် မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော အဖွဲ့များ ဖြစ်ကြောင်း၊ ကော်မတီ များ၏ အခန်း ကဏ္ဍသည် အရေးပါသည့် အလျောက် စေတနာ ထားလျှင် ထားသလောက်၊ အရည် အချင်းရှိလျှင် ရှိသလောက် ဒေသ တိုးတက်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် အခကြေးငွေ တစ်စုံတစ်ရာ မရဘဲ ဆောင်ရွက်သူများဖြစ်၍ ဂုဏ်ပြုခံ ထိုက်သူများ ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာမှ မြို့နယ်၊ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်းဒေသကြီး /ပြည်နယ်များ၊ ၎င်းမှ ပြည်ထောင်စု တစ်ခုလုံး ပီပြင် တိုးတက် စေသော လုပ်ငန်း စနစ် ဖြစ်ကြောင်း၊ အောက်မှ အထက်သို့ (Bottom Up) စနစ်ဖြစ် ကြောင်း။
ကော်မတီများ၏ လုပ်ငန်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က ထိုက်သင့်သလို အကူအညီ ပေးသကဲ့ သို့ လွှတ်တော် ကလည်း အကူအညီများ ပေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်း လိုက်သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ ကိစ္စတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် လေးဦး အပြင် ကော်မတီ များက ပါဝင် ဆောင်ရွက် ပေးကြလျှင် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း၊ စိတ်ပါ လက်ပါ ဆောင်ရွက် ပေးသည်ကို ကြားသိရသဖြင့် ဝမ်းမြောက် ကျေးဇူး တင်ရှိပါကြောင်း၊ ယခုကဲ့သို့ ကြုံကြိုက် တုန်း၌ မိမိဒေသ ဖွံ့ဖြိုးရေး အတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ပေးကြရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန် တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုင်း သော်ဝင်းက ခရိုင်နှင့် ပတ်သက် သည့် ဒေသဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန် တောင်ပိုင်း ခရိုင် အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တိုနှင့် ကိုကိုးကျွန်း မြို့နယ်တို့မှ လွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့များနှင့် စည်ပင် သာယာရေး ကော်မတီများမှ တာဝန် ရှိသူများက ဒေသဖွံ့ဖြိုး တိုးတက် ရေး ဆောင်ရွက် ချက်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တက်ရောက် လာကြသူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဖြည့်စွက် ရှင်းလင်း တင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စု လွှတ်တော် နာယကက ပြန်လည် သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြား ကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

No comments:

Post a Comment