Friday, April 25, 2014

အဝေးပြေးယာဉ်လိုင်းများအား ခရီးသည်များ လုံခြုံရေးအတွက် မထသ (ဗဟို)မှ တိုက်တွန်းသွားမည်

ရန်ကုန် ဧပြီ ၂၄
အဝေးပြေးယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိနေသော ယာဉ်များအား ခရီးသွားပြည်သူများ၏ လုံခြုံရေး အတွက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန် မထသ(ဗဟို)မှ အဆိုပါယာဉ်လိုင်းများတွင်ရှိသော ဂိတ်မှူးများ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ယခုရက်ပိုင်းအတွင်း သတိပေးတိုက်တွန်း သွားမည်ဖြစ်ကြောင်း
မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။''အခု တစ်ပတ် နှစ်ပတ်အတွင်းလုပ်မှာပါ။ ကျွန်တော်တို့တွေရဲ့ တိုက်တွန်းချက်ကို လိုက်နာမှုမရှိဘူးဆိုရင်တော့ စည်းကမ်းချက် ၁၃၈ ချက်နဲ့ အရေးယူနိုင်ပါတယ်။ အဲဒါမှ မရရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ထပ်မံတင်ပြသွားမှာပါ။ အခုအချိန်မှာ အဝေးယာဉ်လိုင်းရဲ့ ကားအသစ်တွေ ကများလာပြီး အဲဒီကားရဲ့ လုပ်ဆောင်မှုတွေကိုသိရှိတဲ့ ယာဉ်လုပ်သားတွေက နည်းနေတယ်။ ယာဉ်လိုင်းတွေ အနေနဲ့လည်း ခရီးစဉ်မထွက် ခင်မှာ ခရီးသွားတွေကို အရေးပေါ်အခြေအနေ ဖြစ်လာရင် ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာကို ကြိုပြောထား သင့်တယ်။ ခရီးသည်တွေအနေနဲ့လည်း ကိုယ်စီးမယ့် ယာဉ်ရဲ့ အခြေအနေကို မစီးခင်မှာ ယာဉ်ထွက်ပေါက်တွေ ဘယ်နေရာမှာရှိနိုင် တယ်ဆိုတာကို သိဖို့လိုအပ်တယ်''ဟု ၎င်းက ပြောသည်။
ယခုလို ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် အဝေးပြေးယာဉ်လိုင်းများအား မထသ(ဗဟို)မှ ယခင် နှစ်နှစ်ခန့်က သွားရောက်ပြောဆိုခဲ့ပြီး ယာဉ်မောင်းများ အိပ်ငိုက်ပါက သတိပေးနိုင်သည့် လျှပ်စစ်ကျင်စက်၊ ခါးပတ်များအား ဖြတ်တောက်နိုင်သည့် ကတ်တာနှင့် မှန်ခွဲနိုင်သည့် ပုစိန်တို့အား ပြသခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဝေးပြေးယာဉ်လိုင်းအချို့တွင် ယာဉ်အမျိုးအစားနှင့် ကိုက်ညီသည့် အရေးပေါ်ပစ္စည်းများ ကွဲလွဲလျက် ရှိနေကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ထပ်မံပြောကြားသည်။
ယခုလိုဆောင်ရွက်ရခြင်းမှာ ဧပြီ ၁၂ ရက်က နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ အနီး တောင်ပြာ တန်းအဝေးပြေး ခရီးသည်တင်ယာဉ်မှ ဆလွန်းကားတစ်စီးအား တိုက်မိပြီး မီးလောင်မှုကြောင့် ခရီးသည်တင်ယာဉ်မှ လိုက်ပါလာသူခြောက်ဦးနှင့် ဆလွန်းကားမှ လိုက်ပါလာသူ ခြောက်ဦး နေရာတွင်ပင် သေဆုံးသွားပြီး ဆေးရုံတွင် တစ်ဦး ထပ်မံသေဆုံးခြင်းကြောင့် ၁၃ ဦးသေဆုံးရသည့်အတွက် ခရီးသည်များ အသက်အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment