Tuesday, April 1, 2014

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား ဧည့်လာရောက်တွေ့ဆုံ

နေပြည်တော်-ဧပြီ(၁)
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု၊ ပုဂ္ဂလိက ခရီးသွားကုမ္ပဏီ Golden Trip Travels & Tours နှင့် ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် Eccholine  BVBA ရုပ်သံလိုင်းတို့၏ စီစဉ်မှုဖြင့် Peking Express ခရီးသွားမှတ်တမ်း ထုတ်လုပ်သူ Mr. Philip  Henderickx သည်
ဧပြီ(၁)ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ(၂၁)ရက်မှ (၃၁)ရက်အထိ လားရှိုး-သီပေါ- ကျောက်မဲ-ရွာငံ- ညောင်ရွှေ- ပင်းတယ-ကလော- မိတ္ထီလာ-ပုဂံ- ပုပ္ပါး-မန္တလေး ခရီးစဉ်တစ်လျှောက် ရိုက်ကူးခဲ့သည့် ရိုက်ကူးမှု အစီအစဉ်များကို တင်ပြ သည်။
ရိုက်ကူးရေးအဖွဲ့တွင် ပြင်သစ်နိုင်ငံသား အများစုပါဝင်သော ရိုက်ကူးရေးနှင့် သရုပ်ဆောင်စုစုပေါင်း (၄၇)ဦး ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဆက်သွယ်ဆက်ဆံရေး အရာရှိများနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆက်ဆံရေး အရာရှိတို့က ခရီးစဉ်တစ်လျှောက် လိုက်ပါကြီးကြပ် ခဲ့ကြသည်။
Peking Express ၏မြန်မာနိုင်ငံ ခရီးသွားမှတ်တမ်း ရိုက်ကူးရေးသည် မြန်မာနိုင်ငံ၏ တောတောင် သဘာဝအလှများ၊ တန်ခိုးကြီး စေတီပုထိုးများ၊ ဒေသခံပြည်သူများ၏ ယဉ်ကျေးဖော်ရွေမှုနှင့် ဧည့်ဝတ်ကျေပွန်မှု၊ ရိုင်းပင်းကူညီမှုတို့ကို အဓိကထား ရိုက်ကူးခဲ့ကြပြီး ၎င်းတို့၏ အစီအစဉ်မှတစ်ဆင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိစေရန် မိနစ်(၄၄၀)ကြာ ဇာတ်လမ်းအား တစ်ပိုင်းလျှင် မိနစ်(၁၁၀)ဖြင့် (၄)ပိုင်းခွဲ၍ ပြင်သစ်နိုင်ငံအခြေစိုက်  TV  Channel  M6 မှ နိုင်ငံတကာသို့ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါအဖွဲ့၏ ထုတ်လုပ်သူ Mr. Philip Henderickx သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်ဗီဒီယိုမှတ်တမ်းခွေအား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား လာရောက်ပြသပြီး ယင်းအခွေအား အဆိုပါ TV  Channel  M6 မှ ဧပြီလကုန်တွင် ထုတ်လွှင့်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ 

No comments:

Post a Comment