Tuesday, April 1, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကုဆေးရုံကြီးနှင့် ခုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီးများသို့ လှည့်လည်စစ်ဆေး

နေပြည်တော်-ဧပြီ(၁)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးနှင့် ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့်အတူ ယနေ့နံနက်(၈)နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါအထူးကု ဆေးရုံကြီးသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးနှင့် အထူးကုဆရာဝန်ကြီး များက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် နား၊ နှာခေါင်း၊ လည်ချောင်းပြင်ပလူနာဌာန၊ မျက်စိပြင်ပလူနာဌာန၊ ဆေးဆိုင် ဖွင့်လှစ်ထားရှိမှု၊ ဆေးသိုလှောင်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်မှန်ခန်း၊ ဗဟိုပိုးမွှားသန့်စင်ခန်း၊ ဝန်ထမ်း အိမ်ရာ၊ မန္တလေး အမျိုးသားမျက်စိဘဏ်၊ မျက်စိလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ခန်းတို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုသမှုခံယူကြသည့် ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး များနှင့်တွေ့ဆုံရာ၌ ဒုတိယသမ္မတအား ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားသည်။
ယင်းနောက် ဆရာဝန်ကြီးများက သင်ကြားရေးအထောက်အကူပြုပစ္စည်းထောက်ပံ့ပေးရေး၊ ကုသရေး ဆိုင်ရာ စက်ကိရိယာ လိုအပ်ချက်များ ဖြည့်တင်းပေးရေးတို့ကို တင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ခုတင်(၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာမေသင်းနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်များက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးတွင် ပြင်ပလူနာဌာန၊ အရေးပေါ်လူနာဌာန၊ ခံတွင်းနှင့် သွားရောဂါကုသဌာန၊ ဖျားနာကုသဆောင်ရှိ အမျိုးသမီးလူနာခန်း၊ အမျိုးသား လူနာခန်း၊ ကလေးကုသဆောင်၊ သားဖွားမီးယပ် ကုသဆောင်၊ အရိုးနှင့် ထိခိုက်ဒဏ်ရာကုသဆောင်၊ ခွဲစိတ် ကုသဆောင်၊ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ရောဂါဗေဒဌာန၊ ဆေးသိုလှောင်ခန်းနှင့် ခွဲစိတ်ခန်းတို့အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တက်ရောက်ဆေးဝါးကုသမှုခံယူ နေကြသည့် ဝေဒနာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာမေသင်းက ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာနတာဝန်ခံ ဆရာဝန်ကြီး များက လုပ်ငန်း လိုအပ်ချက်များအား အသီးသီးအကြံပြုဆွေးနွေးကြသည်။

ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။ 

No comments:

Post a Comment