Tuesday, April 1, 2014

(၁၁)ကြိမ်မြောက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းညှိနှိုင်းမှု ကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြား

နေပြည်တော်-ဧပြီ(၁)
(၁၁)ကြိမ်မြောက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း ညှိနှိုင်းမှုကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ Royal  ACE ဟိုတယ်၌ကျင်းပရာ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အဖွင့်အမှာစကား ပြောကြား
သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း ညှိနှိုင်းမှု ကော်မတီဝင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ကမ္ဘာ့အဆင့် အစည်းအဝေးများ မတိုင်ခင် ယခုလို နည်းပညာပိုင်းဆိုင်ရာ ဒေသတွင်း အဆင့် အစည်းအဝေးဖြစ်သည့် (၁၁)ကြိမ်မြောက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းညှိနှိုင်းမှု ကော်မတီ အစည်းအဝေးကို အချိန်ကိုက် ကျင်းပနိုင်သည့် အတွက် နိုင်ငံများအနေဖြင့် (Post  Hyogo  Framework  for  Action-  HFA2) ကို ပြီးပြည့်စုံအောင် ဝိုင်းဝန်းအကြံပြုပုံဖော် ပေးနိုင်မည်ဖြစ်ပါကြောင်း။
ယခုအစည်းအဝေး၏ ရလဒ်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံ၊ ရရှိထားသည့်သင်ခန်းစာများသည် HFA2 အတွက် အာရှဒေသပိုင်းအနေဖြင့် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အာရှဒေသ သဘာဝ ဘေးကြိုတင်ပြင်ဆင်ရေးဌာန အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ Professor  Dr.  Krasae  Changwongse  က အမှာစကားပြောကြားပြီး မွန်ဂိုလီယားနိုင်ငံ National  Emergency  Management  Agency (NEMA) မှ Deputy  Chief ဖြစ်သူ Mr.  Tuvshin  Badral  က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌတို့သည် အထိမ်းအမှတ်ပစ္စည်းနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများကို အပြန်အလှန်ပေးအပ်ကြပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဧည့်သည်တော်များ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။

No comments:

Post a Comment