Tuesday, April 29, 2014

ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ တောင်သူများနှင့်အတူ ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ဧပြီ ၂၉

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဧပြီ (၂၈) ရက်နံနက် (၇) နာရီတွင် ဇမ္ဗူသီရိ မြို့နယ် တဲကြီးကုန်း ကျေးရွာရှိ တောင်သူများ၏ လယ်မြေဧက (၃၅၀) အား တစ်ဆက်တစ်စပ်တည်း စက်မှုလယ်ယာစနစ် ဖော်ထုတ်ရန် စက်ယန္တရား ကြီးများဖြင့် မိုးစပါး စိုက်ပျိုးရာသီ အချိန်မီ မြေယာပြုပြင် ဖော်ထုတ်ခြင်းလုပ်ငန်း၊ ရေသွင်း ရေထုတ်မြောင်းများနှင့် ကုန်ထုတ် လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် တဲကြီးကုန်း ကျေးရွာ၌ တောင်သူ (၂၀၀) ခန့်နှင့်အတူ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော လယ်ယာကဏ္ဍ ထူထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။ အစီအစဉ်အရ စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်၊ ဆည်မြောင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဦးအေးထွန်းတို့က စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်းနှင့် တောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနိုင်မည့် အစီအစဉ်၊ တဲကြီးကုန်း ကျေးရွာ စက်မှုလယ်ယာမြေ ဧက(၃၅၀) ဖော်ထုတ်ရေး လုပ်ငန်းအစီအမံ၊ ရေသွင်းမြောင်းအရှည် ပေ(၈၂၀၀)၊ ရေထုတ်မြောင်း အရှည်ပေ(၈၇၀၀)နှင့် ကုန်ထုတ်လမ်း အလျားပေ(၁၂၃၀၀)တို့ ထည့်သွင်း ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးကြ သည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများနှင့် တောင်သူများက လယ်ယာကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ပါဝင်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက် ပေးကြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် စက်မှုလယ်ယာစနစ် ဖော်ထုတ်နေမှု လုပ်ငန်းခွင်၊ ဒက္ခိဏသီရိ မြို့နယ်၌ တောင်သူပညာပေးနှင့် ဈေးကွက်ဝင်သီးနှံ မျိုးသန့်မျိုးပွား စိုက်ပျိုးထားသော ဂျပန်မူရင်းမျိုး ကန်စွန်း၊ ဂျပန်မူရင်းမျိုး ပိန်းဥ၊ မြန်မာမူရင်းမျိုး ပိန်းဥ၊ ထိုင်းနိုင်ငံမူရင်းမျိုး ကညွတ်သီး နှံစိုက်ကွင်း၊ ဂျပန်နိုင်ငံ မူရင်းမျိုး သက်တမ်းတိုစပါးမျိုး ကိုရှီဟီကာရီနှင့် ဆာဆာနီရှီကီ စပါးမျိုးတို့ကို စိုက်ကွင်းတစ်ခုချင်းအလိုက် လိုက်လံ ကြည့်ရှုပြီး ရရှိလာသော မျိုးကောင်း မျိုးသန့် မျိုးစေ့များကို နေပြည်တော် ကောင်စီနယ်မြေတွင် ဖြန့်ဖြူး ပေးရေးနှင့် ဈေးကွက်နှင့် ချိတ်ဆက်ပြီး စီးပွားဖြစ်စိုက်ကွင်းများ ထူထောင်ရန် မျက်ခြည်မပြတ် လုပ်ဆောင်ရမည့် လိုအပ်ချက် များကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment