Tuesday, April 29, 2014

၂၀၁၄ ခုနှစ် နိုင်ငံတကာ စီမံခန့်ခွဲမှုအတိုင်ပင်ခံကောင်စီ၏ အာရှ-ပစိဖိတ် ဗဟိုအစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၉)
၂၀၁၄ ခုနှစ် နိုင်ငံတကာစီမံခန့်ခွဲမှုအတိုင်ပင်ခံကောင်စီ၏ အာရှ-ပစိဖိတ်ဗဟိုအစည်းအဝေးအား နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ပြည်တွင်းပြည်ပမှ
ကျွမ်းကျင်ပညာရှင်များ၊ အလုပ်အမှုဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြသည်။
 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အသစ်များ ရှာဖွေဆောင်ရွက် သွားနိုင်မည့် အခွင့်အရေးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရွှေရောင်နယ်မြေတွင် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၊ ဖွံ့ဖြိုးရေးဆောင်ရွက်လိုသူများအား လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်း ဆောင်ရွက်မှုများနှင့် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်းဖြင့် ပြောကြားသည်။
 ဆက်လက်၍ အစည်းအဝေးတွင် မြန်မာ့စီမံခန့်ခွဲမှု အတိုင်ပင်ခံသိပ္ပံ (Institute of Management Consultants  Myanmar) မှ ကွန်ပျူတာ(၂၂) လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် Mobile  School  ယာဉ်အား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က လက်ခံသည်။
 ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာသည့် သက်ဆိုင်ရာ တာဝန်ရှိသူများက Mobile School ယာဉ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယာဉ်အတွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှုအား လှည့်လည်ကြည့်ရှုသည်။
 အဆိုပါ Mobile School ယာဉ်ဖြင့် ကျေးရွာများအရောက် သွားရောက်၍ လူငယ်များအတွက် ကွန်ပျူတာအခြေခံသင်တန်းများ၊ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျာင်း သင်တန်းများ၊ အိမ်ရှင်မများအတွက် အသေးစားငွေရေးကြေးရေး စီမံခန့်ခွဲမှု သင်တန်းများကို တစ်နေ့လျှင် သင်တန်းချိန် (၃)ချိန်ခွဲ၍ ပို့ချပေးသွားမည်ဖြစ်ပြီး Mobile  School  ယာဉ်တစ်စီး သည် တစ်နှစ်လျှင် ကျေးလက်ပြည်သူ (၂၀၀၀၀)ခန့်အား ပညာရေးဝန်ဆောင်မှု ပေးနိုင်မှာဖြစ်သည်။
Mobile School ယာဉ်အစီး(၁၀၀)အထိ တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပြီး လူဦးရေ(၂)သန်း ခန့်အား နှစ်စဉ်အကျိုးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment