Thursday, April 24, 2014

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ အတွက် လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စဖြစ်

တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres)များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ်(၅၉)ရှိ လွှတ်တော်ရုံးခွဲအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်‌ တည်ငြိမ်   အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်‌ ကော်မတီ အဖွဲ့ဝင်များ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်‌ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုနှင့်‌ ကော်မတီအဖွဲ့ဝင်များ၊   ပြည်သူ့လွှတ်တော်ဥပဒရေးရာနှင့်‌အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့်‌ အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့်‌ ဥပဒေရေးရာကော်မရှင်တို့မှအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)မှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊   ပြည်ထဲရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့်‌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ရုံး နှင့်‌ ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား   ပြောကြားရာတွင် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ   ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမှသာ   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်‌ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှ တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ကြောင်း၊ တစ်ခုနှင့်တစ်ခု ယှဉ်တွဲ၍ အထောက်အကူပြုနေသည့် ကိစ္စများ ပင်ဖြစ်   ကြောင်း၊ ခေတ်ပြောင်း စနစ်ပြောင်း ကာလတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီး ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဒိမိုကရေစီရရှိရန် ခက်ခဲနိုင်ပါကြောင်း၊ သို့ဖြစ်၍ တရားဥပဒေ စိုးမိုးရေးကို လိုလိုလားလား   ဆောင်ရွက်   နေခြင်းဖြစ်ပါကြောင်း၊ အားသွန်ခွန်စိုက် ဆောင်ရွက်နေသကဲ့သို့ အကူအညီများလည်း   ပေးနေ ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်‌စပ်လျဉ်း၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထားပြီး ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ များစွာအကျိုး ဖြစ်ထွန်းမည် ဖြစ်ပါကြောင်းဖြင့်‌ ပြောကြားသည်။
ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့်‌ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တရားစီရင်ရေး၊ ဥပ‌ဒေ‌ရေးရာနှင့်‌ တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို တို့က တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု   ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်‌ အမျိုးသားစီမံကိန်းနှင့်‌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး ဗဟိုဌာန ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကားပွောကြား ရာတွင် တင်ပြချက်များ၌ ဥပ‌ဒေနှင့်‌ ညီညွတ်သည်ဟု ပြောကြားမှုများ ရှိသကဲ့သို့ အချို့က မခိုင်လုံဟုတင်ပြမှုများရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အမိန့်ကြော်ငြာစာထုတ်ပေးရန် တာဝန်ရှိပါက ထုတ်ပေးရန်အသင့်‌ရှိကြောင်း၊ သို့မဟုတ်ပါက တာဝန်ရှိသည့်ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပေးရန် ဖြစ်ပါကြောင်း၊ လေ့ကျင့်‌ပေးသင့် သူများကို လေ့ကျင့်‌ပေးရန်နှင့်‌ ပါသင့်‌သူများကို   ရွေးချယ်ပေးရန်လိုအပ်ပါကြောင်း၊ Centre များမှ တရားဥပဒေ စိုးမိုးမှုမရှိခြင်းမှာ မည်သည့်အတွက်ကြောင့့်   ဖြစ်ရသည်ကို စဉ်းစားသုံးသပ်၍ သုတေသန လုပ်ပေးရန် လိုအပ်ပါကြောင်း။
တရားဥပ‌ဒေစိုးမိုးရေးသည် ပြည်သူတစ်ရပ်လုံးနှင့်‌လည်း ပတ်သက်ဆက်စပ်နေပါကြောင်း၊ ပြည်သူအားလုံး သိထား သင့်‌ပါကြောင်း၊ ပြည်သူအားလုံးပါဝင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စား ဥပဒေပြုလွှတ်တော်များ ပါဝင်ရမည်   ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စား အုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်သော တာဝန်ရှိ အဖွဲ့အစည်း များနှင့်‌ တာဝန်ရှိသူများ ပါဝင် ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စား တရားရေးအဖွဲ့အစည်းများသည် ကဏ္ဍအလိုက် ပါဝင်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပြုရေးအပိုင်းက စပြီး  ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ တရားမျှတသောဥပဒေ၊ အများပြည်သူလိုက်နာနိုင်သောဥပဒေ၊ ၎င်းဥပဒေများနှင့်‌ ရှေ့နောက်ညီညွတ်သော Rule & Regulationများ ထုတ်ပြန်ရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းက ဥပဒေအတိုင်း လိုက်နာပြုကျင့်‌ဖို့အတွက် ပြည်ထောင်စုအစိုးရက ကြီးကြပ် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံးကလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ လိုက်နာမှုမရှိသူအား ဥပဒေနှင့်‌အညီအရေးယူသလို ကြီးကြပ် အကောင်အထည် ဖော်သူများအပိုင်းက ပျက်ကွက် ခဲ့လျင်လည်း ဥပဒေနှင့် အညီ အရေးယူရမှာ ဖြစ်ပါကြောင်း။
ထို့သို့ဆောင်ရွက်ရာတွင် တရားသူကြီးများ၊ Law Enforcement အဖွဲ့များ၊ ရှေ့နေရှေ့ရပ်များ၊ ရုံးအဖွဲ့ဝင်များ၊ သက်သေများ၊ တရားခံ/တရားလို၊ တရားလို/တရားပြိုင်များ၊ ပြည်သူလူထုများ၊ သတင်းမီဒီယာများ အားလုံးပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု၏ စိတ်ပိုင်းဆိုင်ရာ Mindset များ ပြုပြင်ပြောင်းလဲရန်အတွက် စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လက်ငင်း ရေတို/ ရေရှည် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ကို   ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ပါက ဘတ်ဂျက်ရေးဆွဲ၍   ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အနှစ်ချုပ်ရမည်ဆိုပါက တရားဥပ‌ဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမယ်၊ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အဲဒီလိုပဲ ဖွံ့ဖြိုးတိုးတက်မှ တရားဥပ‌ဒေစိုးမိုးမှု ရှိမယ်ဆိုပြီး သံသရာလည်နေသလို ကြောင်လိမ်  လှေကားပမာ ပို၍ ပို၍ တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နည်းကျကျ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း။

တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်‌ လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်း အချင်းချင်း ရန်လိုသောစကားနှင့်‌ အပြုအမူ၊ အထင်သေး အမြင်သေးစသော ပြောဆိုပြုမူမှု၊ ခွဲခြားပြောဆို ပြုမူမှုများ၊ စိတ်ဝမ်းကွဲစေသော ပြောဆိုပြုမူမှုများ မဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရရှိဖို့လိုပါကြောင်း၊ အမျိုးသား ပြန်လည် သွေးစည်းညီညွတ်ဖို့ လိုပါကြောင်း၊ ဒါကြောင့်‌ မိမိတို့ နိုင်ငံသားများသည် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်‌ ဘာသာအစွဲများ မထားရှိဘဲ နိုင်ငံတော်အတွက် အများပြည်သူအတွက်ဆိုလျင် ပါဝင်ပူးပေါင်းဆောင်ရွက်ရေးကို တိုက်တွန်း အားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုက်သင့်‌သော အောင်မြင်အဆင်ပြေမှုများ ရရှိထားသော်လည်း လွှတ်တော်အတွင်းနှင့်‌ လွှတ်တော်ပြင်ပတွင် ယခုထက် ပိုမိုဆောင်ရွက်ပေးရေးအတွက် နိုင်ငံသားများနှင့်‌ စွမ်းဆောင်နိုင်ကြသူများမှ ပါဝင်ပေးကြ စေလိုကြောင်း၊ နိုင်ငံအတွက် တိုင်းပြည်အတွက် မိမိတို့အတွက် ဝိုင်းဝန်းပါဝင်ပေးကြပါလို့ တိုက်တွန်းပြောကြား လိုပါကြောင်းဖြင့်‌ ပြောကြားသည်။

No comments:

Post a Comment