Thursday, April 24, 2014

ရေကြည်တစ်ပေါက်

မိလ္လာအညစ်အကြေးရေတို့ကို သန့်စင်၍ ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့ မဆိုထားနှင့် ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြားရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေ အဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။



ယင်းအချက်က ကမ္ဘာတွင် ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက် ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကို ပြန်လည်သန့်စင် အသုံးပြုခြင်း ဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ လူသိမများ လှသော်လည်း ရေဆိုးအမျိုးမျိုး ကို စိတ်ချလက်ချ သောက်နိုင်သည့်အဆင့်သို့ သန့်စင်ခြင်းသည် နည်းပညာ ပိုင်းအရ ရိုးရှင်းလှသည်။ ကုန်ကျစရိတ် များခြင်းနှင့် လူအများ လက်ခံသောက်သုံးရန် ခက်နေခြင်းကသာ ရေဆိုးများသည် “ သောက်ရေအရင်းအမြစ်” တစ်ခု အဖြစ် တွင်ကျယ်စွာ ရောက်ရှိမလာသေးခြင်း ဖြစ်သည်။
ယင်းနည်းပညာကို လွန်ခဲ့သော နှစ်ပေါင်း ၈၀ ခန့်ကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် စတင်အသုံးပြုခဲ့သည်။ သို့သော် သန့်စင်ပြီး ရေကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းစသည့် သောက်သုံးရန် မဟုတ်သည့် နေရာတို့တွင် အသုံးချခဲ့သည်။ နောက်ပိုင်းတွင် နည်းပညာများ ပိုတိုးတက်လာသောအခါ သောက်သုံးနိုင်သည့် အဆင့်အထိ ရောက်ရှိအောင်မြင်လာခဲ့ကြသည်။ ဥပမာ အမေရိကန်ကြည်းတပ်နှင့် ကမ်းတက်တပ်သည် အရှေ့ အလယ်ပိုင်းဒေသရောက် မိမိတပ်သားများအတွက် လိုအပ်သည့်အခါ ယင်းနည်းပညာများဖြင့် သန့်စင်၍ သောက်သုံး စေခဲ့သည်။
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဖဲဖက်တွင် လူဦးရေ ၁၇ သိန်းအတွက် သန့်စင်ပြီးမိလ္လာရည်များကို သောက်ရေတွင်ရော၍ ပေးဝေနေခဲ့သည်မှာ ၁၉၇၀ ပြည့်နှစ်လွန်ကတည်းက ဖြစ်သည်။ အာဖရိကတိုက် နမီးဘီးယား နိုင်ငံ ၀င်းဟုခ်ဒေသတွင် စွန့်ပစ်ရေဆိုးများကို သန့်စင်၍ သောက်နေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခြားဒေသအများအပြားတွင် သန့်စင်ပြီး စွန့်ပစ်ရေများကို အခြားရေများနှင့် ရောပြီးမှ သောက်ရေအဖြစ် ပေးဝေသော်လည်း နမီးဘီးယားတွင်မူ အခြားမည်သည့်ရေနှင့်မျှ မရောဘဲ သန့်စင်ပြီး စွန့်ပစ်ရေသက်သက်ကို သောက်ရေအဖြစ် ဖြန့်ဖြူးခြင်းမှာ ထူးခြားသည်။
စွန့်ပစ်ရေကို သောက်နေကြသူများထဲတွင် မြန်မာများလည်း ပါဝင်သည်။ စင်ကာပူတွင် သန့်စင်ပြီး စွန့်ပစ်ရေကို သောက်ရေပိုက်ထဲထည့်၍ ပေးဝေနေရာ စင်ကာပူတွင် နေထိုင်သော ယင်းမြို့သို့ ခေတ္တ ရောက်သော မြန်မာတိုင်း ယင်းရေကို သောက်ခဲ့ကြ၊ သောက်နေကြသည်။
ကမ္ဘာပတ်လမ်းထဲ၌ ပျံသန်းနေသော နိုင်ငံတကာအာကာသစခန်းရှိ ယာဉ်မှူးများ သောက်သုံးရန် ရေကို မြေပြင်ပေါ်မှ အာကာသယာဉ်များဖြင့် သယ်ပို့ပေးရာတွင် ရေတစ်ဂါလန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀၀၀ မျှ ကုန်ကျသဖြင့် ရေရှည်တွင် စရိတ်ထောင်းလွန်လှသည့်အတွက် စခန်းထဲရှိလေတွင် ပါဝင်နေသော ရေငွေ့များကို ရေအဖြစ် ပြောင်းလဲဖန်တီးနေသည့်အပြင် ယာဉ်မှူးတို့စွန့်သော ကျင်ငယ်ရေကိုပင် သန့်စင်ကာ ပြန်၍ သောက်ရန် စီမံပေးထားသည်။
အိမ်သာထဲ ရောက်သွားသောရေများသည် အိမ်သုံးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမျှ ရှိပြီး ကျန်ရေများမှာ ချိုးရေ၊ ဆေးကြော လျှော်ဖွပ်သောရေများ ဖြစ်ကြသည်။ အိမ်မှ ထွက်လာသော စွန့်ပစ်ရေများကို ဖွံ့ဖြိုးဆဲနိုင်ငံများအပြားတွင် မြစ်များ ချောင်းများထဲသို့ မပြုမပြင်ဘဲ စွန့်ပစ်သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်မူ မြောင်းများ၊ ပိုက်များဖြင့်သွယ်ကာ ရေဆိုးသန့်စင်စက်ရုံးများသို့ ပို့၍ သန့်စင်ပြီးမှသာ ရေထုထဲသို့ ရောက်ရှိစေသည်။
ရေဆိုးသန့်စင်စက်ရုံများသည် ရေဆိုးတွင်ပါသည့် အမှိုက်သရိုက်အစိုင်အခဲများ၊ အန္တရာယ်ပြု ဓာတ်ပေါင်းများနှင့် အချို့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်သည်။ နိုင်ငံအများအပြား၌ ရေထုထဲ စွန့်ပစ်သည့်ရေများတွင် အနည်ပမာဏ အများအပြာ၌ ရေထုထဲ စွန့်ပစ်သည့်ရေများတွင် အနည်ပမာဏ အများဆုံးမည်မျှ အောက်ဆီဂျင် အနည်းဆုံးမည်မျှ ပါရမည် စသည့် ကန့်သတ်ချက်များ ထားရှိသည်။ ရေဆိုးစက်ရုံများသည် ရေဆိုးများကို ယင်းစံနှုန်းများနှင့် ကိုက်ညီအောင် ရေဆိုးများကို သန့်စင်ပြီးမှ မြစ်ရေကန်ရေတို့ထဲသို့ စွန့်ထုတ်ရသည်။
ထိုမျှသန့်စင်ပြီးသောရေဆိုးကို သောက်ရေအဖြစ် ရယူလိုလျှင် ထပ်မံသန့်စင်ရပြန်သည်။ ကနဦးသန့်စင်ပြီး ရေဆိုးများကို အဏုစိတ် ရေစစ်များထဲသို့ ဖြတ်သန်းစေသည်။ အဏုစိတ်ရေစစ်သည် လူ့ဆံပင်အချင်း၏ အပုံ ၁၀၀ ပုံလျှင် ၁ ပုံသာရှိသော အပေါက်များပါသည့် ရေစစ်ဖြစ်သည်။ ယင်းရေစစ်များသည် ရေတွင်ပါသည့် ဘက်တီးရီးယား များကို ကောင်းစွာစစ်ထုတ်ဖယ်ရှားပေးသည်။ ရေစစ်မှ ထွက်လာသော ရေများကို အာရ်အိုဟု အတိုကောက်ခေါ်သည့် ပြောင်းပြန်အော့စ်မိုးဆစ်ကိရိယာထဲသို့ ၀င်ရောက်သည်။ ယင်းကိရိယာသည် အချို့သော ရေချိုချက်စက်များတွင် သုံးသည့်ကိရိယာပင် ဖြစ်သည်။ အာရ်အို အမှေးပါးများသည် ဆားဓာတ်၊ ဗိုင်းရပ်များနှင့်ဆေးဝါး အကြွင်းအကျန်များကို စစ်ယူလိုက်သည်။ နောက်ဆုံး အဆင့်တွင် ရေကို အားပြင်းသောခရမ်းလွန်ရောင်ခြည်နှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် တို့နှင့် ထိတွေ့စေကာ လက်ကျန်ပိုးမွှားများ၊ အော်ဂဲနစ်များကို ဖယ်ရှားသည်။ သန့်စင်ရေးနည်ပညာ ခေတ်မီစိတ်ချရ သဖြင့် အချို့အချို့သော ရေအရင်းအမြစ်များ၏ မသန့်စင်မှုကြောင့် လူများ ရောဂါရကြ သေကြရမှုများ ရှိသော်လည်း သန့်စင်ပြီးစွန့်ပစ်ရေကိုသောက်သည့်အတွက် အန္တရာယ်ဖြစ်မှုမျိုး မရှိသေးချေ။
အများလက်ခံဖို့အဓိက
ထိုသို့ အဆင့်ဆင့်သန့်စင်ပြီးသော ရေသည် ရေသန့်ဘူးများ ယာဉ်မှူးများစွန့်သော ဆီးသုံးပုံကို ရေတစ်ပုံနှုန်းဖြင့် ဆေးချသည်။ ဆာလ်ဖျူရစ်အက်စစ်၊ ခရိုမီယမ်ထရိုင်အောက်ဆိုက်တို့ဖြင့် ဆီးနံ့ကို ဖျောက်သည်။ အိမ်သာမှ ထွက်လာသော စွန့်ပစ်ရေကို အပူးပေး၍ အငွေ့ပျံစေသည်။ ပေါင်းခံရေကို စခန်းထဲရှိ စမ်းသပ်တိရစ္ဆာန်များမှ ထွက်သော ရေငွေ့၊ ကိုယ်လက်သုတ်သင်ရာမှ ထွက်သော ရေဆိုးများနှင့် ရော၍ အဆင့်ဆင့် စစ်ယူသည်။ မလိုအပ်သောဓာတ်ပေါင်းများကို ဓာတုနည်းဖြင့် ဖယ်ရှားသည်။ ရရှိသောရေကို စစ်ဆေး၍ ရေသန့်ကို ရေသန့်ကန်ထဲ ပို့ပြီးထပ်မံသန့်စင်ရန် လိုသောရေကို တစ်ကျော့ပြန်၍ သန့်စင်သည်။ ဤကဲ့သို့ပင် သန့်ရှင်းကာ ပိုးမွှားနှင့် အန္တရာယ်ဓာတ်ပေါင်းများ ကင်းစင်သည်။ နည်းပညာပိုင်းအရ စံမီသောက်ရေသန့်အဆင့်အထိ ရောက်အောင် သန့်စင်ထားသောရေဆိုးသည် ကမ္ဘာ့ရေအခက်အခဲကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်သော်လည်း ကုန်ကျစရိတ်များခြင်းနှင့် အများပြည်သူက သောက်ရေအဖြစ် လက်ခံသောက်သုံးခြင်း ရှိမရှိ ဟူသော အချက်က ရေဆိုးပြန်လည် အသုံးပြုရေးကဏ္ဍတွင် အဟန့်အတားဖြစ်နေသည်။
အမေရိကန်နိုင်ငံ စန်ဒီယေဂိုနှင့် သြစတေးလျနိုင်ငံ တူးဝူး(မ်) ဘာတို့တွင် သန့်စင်ပြီးမိလ္လာရည်များကို သောက်ရေထဲရော၍ ပေးစေမည့်အစီစဉ်သည် မြို့နေလူတို့က လက်မခံကန့်ကွက်သဖြင့် ပျက်ပြားသွားခဲ့ သည်။
အမေရိကန်နိုင်ငံ အောရိန်း(ဂ်ျ)ကောင်တီတွင်မူ သုံးစွဲသူလူထုကို အောင်မြင်စွာစည်းရုံးနိုင်သဖြင့် စွန့်ပစ်ရေ သုံးစွဲရေးအစီအစဉ် အောင်မြင်နေသည်။ အောရိန်း(ဂ်ျ)ကောင်တီတွင် အမေရိကန်ဒေါ်လာ ၄၈၇ သန်းတန် ရေသန့်စက်ရုံဆောက်၍ လူ့မိလ္လာရည်များကို သောက်သုံးနိုင်သည့် အဆင့်အထိ သန့်စင်သည်။ ယင်းသို့ သန့်စင်ပြီးရေ၏ အရည်အသွေးသည် ပြည်နယ်နှင့်ပြည်ထောင်စုအဆင့် သတ်မှတ်ထားသော ကျန်းမာရေး သတ်မှတ်ချက်ကို မီသည်။ ထိုသို့သန့်စင်ပြီး ရေများကို တိုက်ရိုက်ပေးဝေခြင်းမပြုသေးဘဲ မြေအောက်ရေအောင်းလွှာ များထဲသို့ စိမ့်ဝင်စေခြင်းဖြင့် ထပ်မံစစ်ထုတ်သည်။ နောက်တစ်ဆင့်တွင်မှ ယင်းမြေအောက်ရေများကို ထုတ်ယူကာ ယင်းဒေသနေလူ ၂၃ သိန်းတို့အတွက် ပေးဝေမည့်အခြေအနေသို့ ရောက်သည်။
နည်းပညာပိုင်းအရ စိတ်ချရအောင်စီမံပြီးနောက် မြို့ခံလူများအား ရေဆိုးသန့်စင်ရေးစက်ရုံသို့ ဖိတ်ခေါ်၍ လုပ်ငန်းအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစေသည်။ သန့်စင်ပုံစနစ်များကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။ လေ့လာသူတို့၏ မေးခွန်းများကိုလည်း ကျေနပ်သည်အထိ အဖြေပေးသည်။ သန့်စင်ပြီး စွန့်ပစ်ရေများကို မပေးဝေမီ ယင်းရေတို့ကို စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း သရုပ်ပြအသိပေးမှုပေါင်း ၂၀၀၀ ကျော်ကို လုပ်ဆောင်ခဲ့သည်။ ယင်းရေကို ဒေသခံတို့ ယုံကြည်သော ပညာရှင်များက စစ်ဆေးမှုအကြိမ်ကြိမ် လုပ်ဆောင်စေခဲ့သည်။ လေ့လာရေးအစီအစဉ်အပြီး၌ သန့်စင်ပြီး ရေဆိုးများကို သောက်လိုက သောက်ကြည့်နိုင်ကြောင်း ပြောရာ လေ့လာသူစုစုပေါင်း၏ ၉၅ ရာခိုင်းနှုန်းက မဆိုင်းမတွ သောက်လိုက်ကြသည်။ ယင်းနည်းဖြင့် မြို့နေလူထု၏ ယုံကြည်မှုကို ရယူနိုင်သဖြင့် အောရိန်း(ဂ်ျ)ကောင်တီ၏ စွန့်ပစ်ရေသောက်သုံးရေးအစီအစဉ် အောင်မြင်ခဲ့သည်။
စင်ကာပူတွင်လည်း သန့်စင်ပြီး ရေဆိုးများကို ရေသန့်ဘူးထဲထည့်၍ စတင်ရောင်းချစဉ်က ယင်းရေဘူးများ မည်မျှစိတ်ချရကြောင်း ပြပွဲများပြုလုပ်၍ စည်းရုံးခဲ့ရာ လူ ၈၀၀၀၀၀ တက်ရောက်လေ့လာကြည့်ရှုခဲ့သည်။ ယင်းပြပွဲနှင့် အခြားမီဒီယာများ၏ လှုံ့ဆော်မှုကြောင့် စင်ကာပူနိုင်ငံသားများသည် သန့်စင်ပြီးရေဆိုး၏ အန္တရာယ်မရှိပုံကို ရာခိုင်နှုန်းပြည့် လက်ခံကြသည့်အပြင် ရေမလုံမလောက်ဖြစ်မှုသည် သူတို့နိုင်ငံလုံခြုံရေး နှင့် ဆက်နွှယ်နေကြောင်း သဘောပေါက်အောင် လုပ်နိုင်ခဲ့၍ သန့်စင်ပြီးရေဆိုးကို ကျေနပ်စွာ သောက်သုံးနေကြသည်။
ရေအသုံး များသည်ထက်များလာသောကမ္ဘာတွင် သန့်စင်ပြီးစွန့်ပစ်ရေကို ပြန်လည်သောက်သုံးခြင်းသည် အနာဂတ်တွင် ပိုမိုလက်ခံသုံးစွဲလာ ရမည့်ဖြစ်စဉ်တစ်ခုသို့ ရှေးရှုနေသည်။ ယင်းဖြစ်စဉ် အောင်မြင်ရန် အင်ဂျင်နီယာတို့၏ စွမ်းဆောင်ချက်သာမက အများပြည်သူကို စည်းရုံး သိမ်းသွင်းနိုင်စွမ်းကလည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်နေကြောင်း အောရိန်း(ဂ်ျ)ကောင်တီနှင့် စင်ကာပူတို့၏ လုပ်ဆောင်ချက်များ က သက်သေပြနေသည်။

(မှတ်ချက်။          စာရေးဆရာ ကျော်ဦး ရေးသားသည့် ရေကြည်တစ်ပေါက် စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)

No comments:

Post a Comment