Sunday, April 13, 2014

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင် ရွက်ရေး ဆွေးနွေး


နေပြည်တော် ဧပြီ ၁၂
ရန်ကုန်မြို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧပြီ(၈)ရက်က ကျင်းပသော ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစိုးလွင်ငြိမ်းနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ မှအစိုးရမဟုတ်သော အဖွဲ့အစည်း များ က ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက် နိုင်မည့် အစီ အစဉ်များကို ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့၍ အောင်မြင်မှု သာဓကများရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေး ခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာမှအစိုးရမဟုတ်သော အဖွဲ့အစည်း များက ၎င်းတို့အဖွဲ့အစည်းအလိုက် ပံ့ပိုးမည့်လူအင်အား၊ ဆေးနှင့်ဆေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး ယာဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF-Holland) အဖွဲ့က လူအင်အား၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ယာဉ်များပံ့ပိုးပေးမည့်အခြေအနေကို ဆွေးနွေး သည်။

ဧပြီ(၁၀) ရက်တွင် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်(ရောဂါနှိမ်နင်းရေး ဒေါက်တာ စိုးလွင်ငြိမ်းနှင့် MSF-Holland အဖွဲ့မှ Dr. Carmenza Galvez, (Deputy Medical Coordinator) တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား ကျန်းမာရေး ဝန်ကြီးဌာန၏ Rapid Response Team အဖွဲ့ဝင်များနှင့် MSF-Holland ၏ ဝန်ထမ်းများအား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ရခိုင်ပြည်နယ်အတွင်း နေထိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်မြို့မိမြို့ဖများပါဝင်သော အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (Emergency Coordination Center) နှင့်တွေ့ဆုံ၍ အကြံဉာဏ်ရယူကာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment