Thursday, April 17, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မဟာ သင်္ကြန် အကြိုနေ့က နိုင်ငံတစ်ဝန်းလုံးသို့ ပြောကြားခဲ့သည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

မိဘပြည်သူများ ခင်ဗျား-
မြန်မာတို့ရဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ နှစ်သစ်ကူး သင်္ကြန် အခါသမယမှာ မိဘပြည်သူများ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ၊ သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက် အားလပ်ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပြီး နှစ်ဟောင်းက ပင်ပန်းသမျှ အနားရလို့ နှစ်သစ်မှာ အားသစ်၊ ခွန်သစ်နဲ့ မိမိအတွက် မိသားစု အတွက် နိုင်ငံအတွက် စိတ်သစ် လူသစ်နဲ့ ကြိုးစား အလုပ်လုပ်နိုင်မယ့် နှစ်သစ်ကူး အခါသမယ ဖြစ်ပါစေလို့ ဦးစွာပထမ ဆုတောင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ယခုလို နှစ်သစ်ကူး ကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြော သန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ သမိုင်း အစဉ်အလာရှိတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ နှစ်ထောင်ချီ သမိုင်း အစဉ်အလာရှိပြီး ယဉ်ကျေးတဲ့ လူမျိုးတွေ စုဝေးနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ကမ္ဘာ့ မိသားစုကြီးထဲမှာ ဂုဏ်ရှိန်ဝင့်ထည်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သင်္ကြန် ပွဲတော်ဟာလည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်ကြီး ဖြစ်ပါတယ်။ ဒီအစဉ်အလာတွေကို မပျောက် မပျက်အောင် ထိန်းသိမ်းကြဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ အတာသင်္ကြန်ရက်များကို တည်ငြိမ် အေးချမ်း ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြဖို့ အတွက် အမျိုးသား စည်းလုံး ညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ တစ်ဦးပေါ် တစ်ဦး ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ဆက်ဆံလေ့ရှိကြတဲ့ မြန်မာတို့ရဲ့ ရိုးရာဓလေ့ စရိုက်ကောင်းများကို ယခုနှစ် အတာသင်္ကြန်မှာ ပိုမိုပီပြင်စွာ ထုတ်ဖော်ပြသကြဖို့နဲ့ လူမျိုးရေးအစွဲ၊ ဘာသာရေး အစွဲတွေကို အခြေခံတဲ့ မငြိမ်မသက် ဖြစ်မှုတွေ လှုံ့ဆော် ဆူပူမှုတွေကို တာဝန်သိတဲ့ သိက္ခာရှိတဲ့ နိုင်ငံသားတိုင်းက အားမပေးဘဲ ဝင်ရောက် ထိန်းသိမ်းကြဖို့ လက်မခံကြဖို့ မိဘပြည်သူများကို အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်း ပြောကြားလိုပါတယ်။
အလားတူ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး မျှော်လင့် စောင့်စားနေကြတဲ့ အတာသင်္ကြန် နေ့ထူးရက်မြတ် အခါသမယများမှာ ပြည်သူလူထု အများစုရဲ့ အေးချမ်းစွာ ပျော်ရွှင် ကြည်နူးမှုကို အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူ အပြောအဆိုများ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်း ပြောကြား လိုပါတယ်။
၁၃၇၅ ခုကနေ ၁၃၇၆ ခုကို ကူးပြောင်းတဲ့ အတာ သင်္ကြန် ကာလတွေမှာ ရုံးဝန်ထမ်းတွေ ပုဂ္ဂလိက ဝန်ထမ်းတွေက စလို့ ဘိုးဘွားမိဘတွေ ကလေးသူငယ်တွေ အပါအဝင် ပျော်ရွှင်စွာ နှစ်သစ်ကူး နိုင်ကြပါစေ။ နှစ်သစ်ဖြစ်တဲ့ ၁၃၇၆ ခုနှစ်ဟာ မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်း ပေးလာမယ့် နှစ်သစ်ဖြစ်ပါစေ၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောက ပါလတရားများ ပိုမိုထွန်းကားသည့် ပြည်ထောင်စုကြီး ဖြစ်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ် အပ်ပါတယ်။

၁၃၇၆ ခုနှစ်သို့ ကူးပြောင်းသော အတာသင်္ကြန်သည် ငြိမ်းချမ်းရေးသင်္ကြန်ဖြစ်ပါစေ။ မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

No comments:

Post a Comment