Sunday, April 13, 2014

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတစ်ဝန်းလုံးလို့ ပြောကြားသည့် အတာသင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ

(၁၃-၄-၂၀၁၄)
မိဘပြည်သူများခင်ဗျား-
မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်  အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသားခြင်းနဲ့ ပြည့်စုံကြပါစေ၊ သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် အားလပ်ရက်များကို ပျော်ရွက်စွာ ဖြတ်သန်းနိုင်ပြီး  နှစ်ဟောင်းက ပင်ပန်းသမျှအနားရလို့် နှစ်သစ်မှာ အားသစ်မှာ အားသစ် ခွန်သစ်နဲ့ မိမိအတွက် မိသားစုအတွက် နိုင်ငံအတွက် စိတ်သစ်လူသစ်နဲ့ ကြိုးစားအလုပ်လုပ်နိုင်မယ့် နှစ်သစ်ကူး အခါသမယဖြစ်ပါစေလို့ ဦးစွာပထမ ဆုတောင်းနှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ သမိုင်းအစဉ်အလာရှိတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ နှစ်ထောင်ချီ သမိုင်းအစဉ်အလာရှိပြီး ယဉ်ကျေးတဲ့လူမျိုး တွေ စုဝေးနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့မိသားစုကြီးထဲမှာ ဂုဏ်ရှိန်ဝင့်ထည်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာလည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင် ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်ကြီးဖြစ်ပါတယ်။ ဒီအစဉ်အလာတွေကို မပျောက်မပျက်အောင် ထိန်းသိမ်းကြဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ အတာသင်္ကြန်ရက်များကို  တည်ငြိမ်အေးချမ်းပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြဖို့ အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံတဲ့စာနာမူများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှု များနဲ့ တစ်ဦးပေါ်တစ်ဦး ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ဆက်ဆံလေ့ရှိကြတဲ့ မြန်မာတို့ရဲ့ရိုးရာဓလေ့ စရိုက်ကောင်းများကို ယခုနှစ်အတာသင်္ကြန်မှာ ပိုမိုပီပြင်စွာထုတ်ဖော် ပြသကြဖို့နဲ့ လူမျိုးရေးအစွဲ၊ ဘာသာရေး အစွဲတွေကိုအခြေခံတဲ့ မငြိမ်မသက်ဖြစ်မှုတွေ လှုံ့ဆော်ဆူပူမှုတွေကို တာဝန်သိတဲ့ သိက္ခာရှိတဲ့ နိုင်ငံသား တိုင်းကအားမပေးဘဲ ဝင်ရောက်ထိန်းသိမ်းကြဖို့ လက်မခံကြဖို့ မိဘပြည်သူများကို အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းပြောကြားလိုပါတယ်။
အလားတူ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး မျှော်လင့်စောင့်စား နေကြတဲ့ အတာသင်္ကြန် နေ့ထူးရက်မြတ် အခါသမယများမှာ ပြည်သူလူထုအများစုရဲ့ အေးချမ်းစွာပျော်ရွှင်ကြည်နူးမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူအပြောအဆိုများ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းပြောကြားလိုပါ တယ်။
၁၃၇၅ ခုကနေ ၁၃၇၆ ခုကို ကူးပြောင်းတဲ့ အတာသင်္ကြန် ကာလတွေမှာ ရုံးဝန်ထမ်းတွေ ပုဂ္ဂလိက ဝန်ထမ်း တွေကစလို့ ဘိုးဘွားမိဘတွေ ကလေးသူငယ်တွေအပါအဝင် ပျော်ရွှင်စွာနှစ်သစ်ကူး နိုင်ကြပါစေ။ နှစ်သစ်ဖြစ်တဲ့ ၁၃၇၆ ခုနှစ်ဟာ မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးလာမယ့် နှစ်သစ်ဖြစ်ပါစေ၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားသည့် ပြည်ထောင်စုကြီးဖြစ်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

၁၃၇၆ ခုနှစ်သို့ ကူးပြောင်းသော အတာသင်္ကြန်သည် ငြိမ်းချမ်းရေး သင်္ကြန်ဖြစ်ပါစေ၊ မိဘပြည်သူများကိုယ်၏ ကျန်းမာခြင်းစိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

No comments:

Post a Comment