Tuesday, April 1, 2014

(၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေးစတင်ကျင်းပ

နေပြည်တော်-ဧပြီ(၁)
(၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၏ ပထမပိုင်းဖြစ်သော အာဆီယံ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ စတင်ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာဆီယံမက်ခရိုစီးပွားရေး သုတေသနအဖွဲ့တို့မှ ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာဆီယံ ရပ်ဝန်းဒေသအတွင်း တည်ငြိမ်ခိုင်မာတောင့်တင်းသော ဘဏ္ဍာရေးစနစ်တစ်ခု ထူထောင်ရာတွင် ဘဏ္ဍာရေး ဈေးကွက် တည်ငြိမ်မှုရှိရေးနှင့် လိုက်လျောညီထွေဖြစ်သည့် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး မူဝါဒများရှိရန် လိုအပ်ကြောင်း၊ အာဆီယံ နိုင်ငံများအကြား ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး စုစည်းမှုတို့ ဆက်လက်တည်ရှိ ရှင်သန်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။       
အစည်းအဝေးတွင် အာဆီယံ နိုင်ငံများအကြား ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ စီးပွားရေး အသိုက်အမြုံ ထူထောင်ရေးတို့ အပါအဝင် အကြောင်းအရာ ၂၀ ကျော်ကို ဆွေးနွေးကြပြီး ဧပြီ ၂ ရက်၊ ၃ ရက်တို့တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
ယခုကဲ့သို့ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပခြင်းဖြင့် အာဆီယံနိုင်ငံများအကြား ခိုင်မာသည့် ဘဏ္ဍာရေးစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment