Tuesday, April 1, 2014

(၂၂)ကြိမ်မြောက် အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၁)
(၂၂)ကြိမ်မြောက် အာဆီယံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြ
သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဆောင်ရွက်သည်။
ယနေ့ အစည်းအဝေးတွင် ငွေကြေးနှင့် ငွေရေးကြေးရေးလုပ်ငန်းများဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ပေါင်းစည်းဖော်ဆောင်ရေးနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေး အခြေခံမူဘောင်နှင့်အညီ အာဆီယံ ဘဏ်လုပ်ငန်း ပေါင်းစည်းမှု မူဘောင် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု၊ ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး လုပ်ငန်းများ၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် စသည့်လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၌ အာဆီယံ+၃ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဖြစ်သည့် ဇင်းမယ် အစီအစဉ်တွင် နိုင်ငံစုံ ပါဝင်လာရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အာရှ ငွေချေးစာချုပ် ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှု၊ သုတေသန လုပ်ငန်းအုပ်စုနှင့် ရှေ့ဦးစားပေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များ၏ တိုးတက်မှု အစီရင်ခံစာများအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ အစည်းအဝေး၏ ရလဒ်များအား ဧပြီ(၄)ရက်တွင် ဆက်လက်ကျင်းပမည့် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့ တင်ပြဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment