Tuesday, April 1, 2014

ရပ်ထားသောကားအတွင်းမှ ရတနာပစ္စည်းမျိုးစုံ ထည့်ထားသည့်ပိုက်ဆံအိတ်ခိုးယူသူအား စုံစမ်းဖော်ထုတ်အရေးယူ


နေပြည်တော်၊ ဧပြီ ၁
၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းနေ ဒေါ်ဝင်းသန္တာ(၄၅)နှစ်သည် သူငယ်ချင်းဖြစ်သူ မနှင်းအေး နှင့်အတူ မြကျွန်းသာ ကားပါကင်တွင် Mark II ခဲရောင်ယာဉ်အား လော့ချရပ်ထားပြီး ရေသန့်ဝယ်၍ ပြန်လာရာ
ကားနောက်ခန်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ် အတွင်းမှ ပြောင်ဂေါင်းစိမ်းကျောက် (၂၀)ပွင့်၊ နီလာကျောက်(၂၀)ပွင့်၊ ပတ္တမြားကျောက်(၅၀)ပွင့်၊ ကျောက်မျိုးစုံ(၄၀)ပွင့်၊ အမေရိကန် ဒေါ်လာ ၁၀၀ တန်(၄)ရွက်၊ မြန်မာငွေကျပ်(၈၀၀ဝိ/-)၊ မီးခံသေတ္တာသော့(၆)ချောင်း၊ နိုင်ငံသား စိစစ်ရေးကတ်(၁)ခု၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၁၁၅၃၈၈၀၀ဝိ/-) ပျောက်ဆုံးသွားသောကြောင့် အရေးယူ ပေးရန် တိုင်တန်းသဖြင့် မရမ်းကုန်းမြို့မရဲစခန်း(ပ)၈၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားရှိခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် ပါဆုံးပစ္စည်းများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းစုံစမ်းရှာဖွေနေစဉ် (၂၄-၃-၂၀၁၄) ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် ပန်းဘဲတန်းမြို့နယ်၊ (၇)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ “န၀လီ” ရွှေဆိုင်သို့ မသင်္ကာဖွယ် လူတစ်ဦး ရတနာမျိုးစုံ လာရောက်ရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်အတူ ခေါ်ယူ စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်နေ သန်းဇော်လတ်(ခ) ကိုလတ်(ခ) မင်းမင်းဇော်(ခ) မင်းမင်း(၁၇)နှစ် ဖြစ်ကြောင်း သိရှိရပြီး (၂၃-၃-၂၀၁၄)ရက်နေ့ ည ၇ နာရီအချိန် လှိုင်မြို့နယ်၊ အင်းလျား ကန်ဘောင်ပေါ်တွင် ထိုင်ခဲ့ကြောင်း၊ ည ၇ နာရီ ၁၀ မိနစ်အချိန် မြကျွန်းသာပန်းခြံရှိ ကားပါကင်သို့ သွားရောက်ခဲ့ကြောင်း၊ ထိုသို့ရောက်စဉ် အပေါ့သွားရန် မီးခိုးရောင် ကားနောက်သို့ သွားခဲ့ကြောင်း၊  ကားနောက်ခန်း ထိုင်ခုံတွင် အမျိုးသမီးပိုက်ဆံအိတ် ၁ လုံးအား လမ်းမီးရောင်ဖြင့်တွေ့ရ၍ ကားကိုမှီပြီး ကားတံခါး ဆွဲကြည့်ရာ ပွင့်သွားသဖြင့် ကားအတွင်းရှိ ပိုက်ဆံအိတ်အား ခိုးယူကာ လသာမြို့သို့ပြန်သွား ကြောင်းသိရှိရသည်။ ပိုက်ဆံအိတ်အတွင်းမှ ၁၀၀၀ တန် (၈)ရွက်၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်(၄)ရွက် တို့ကို ကျောပိုးအိတ် အတွင်းထည့်ယူခဲ့ကြောင်း၊ ၎င်းပိုက်ဆံအိတ် အတွင်းမှ ပိုက်ဆံအိတ်အသေး ၁ လုံး တွေ့ရှိ၍ဖွင့်ကြည့်ရာ ကျောက်မျက်ရတနာများ ထည့်ထားသည့် ပလတ်စတစ်အိတ် ၁ လုံး တွေ့ရှိသဖြင့် ကျောပိုးအိတ် အတွင်းသို့ ထပ်မံထည့်ယူခဲ့ကြောင်း၊ ပိုက်ဆံအိတ်အတွင်းရှိ သော့တွဲ၊ နှုတ်ခမ်းနီဘူး၊ စာရွက်စာတမ်းနှင့် ပိုက်ဆံအိတ်များကို ပန်းဆိုးတန်း သင်္ဘောဆိပ် ယာဉ်ထိန်းရုံးအနီးရှိ မြောင်းထဲသို့ လွှင့်ပစ်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ(၄၀၀)ကို မြန်မာငွေ(၃၆၀၀၀ဝိ/-)ဖြင့် လဲလှယ်ခဲ့ပြီး ရတနာများကို “န၀လီ” ရွှေဆိုင်၌ရောင်းချစဉ် စစ်ဆေး ခံရကြောင်းနှင့် ပြစ်မှုကျူးလွန်သူ သန်းဇော်လတ်(ခ)ကိုလတ်(ခ) မင်းမင်းဇော်(ခ)မင်းမင်းအား အမှုနှင့်ဖမ်းဆီးပြီး သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment