နေပြည်တော်-မတ်(၂၃)
မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဆပ်ကော်မတီ
(Delivery Unit) ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ဂျပန်နိုင်ငံ
တိုကျိုမြို့ရှိ တိုကျိုမြို့ Tokyo
University of Marine
Science and Technology (TUMSAT) တွင် မတ်(၁၇)ရက်မှ (၂၀)ရက်အထိကျင်းပသည့်
ငါးလုပ်ငန်းဆိုင်ရာ နည်းပညာဖလှယ်ရေး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
မတ်(၁၇)ရက်တွင် ဂျပန်နိုင်ငံ တိုကျို အဏ္ဏဝါသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ရှိ
ကျောင်းအုပ်ကြီး၊
ပါမောက္ခများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ဂျပန်နိုင်ငံ တိုကျိုအဏ္ဏဝါသိပ္ပံနှင့်
နည်းပညာ တက္ကသိုလ် (TUMSAT) နှင့် မြန်မာနိုင်ငံ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနတို့အကြား ငါးလုပ်ငန်းဆိုင်ရာ
သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ JDS အစီအစဉ်ဖြင့် ပညာတော်သင်များ ထောက်ပံ့ကူညီပေးရေးဆိုင်ရာ
သဘောတူညီချက်စာ (Letter of Agreement) ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ထို့ပြင်
ငါးမွေးမြူရေးဆိုင်ရာ အဆင့်မြင့် နည်းပညာများ ထောက်ပံ့ကူညီပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏
ငါးမွေးမြူရေး လုပ်ငန်းများဖြစ်သော ကျောက်ငါး မွေးမြူသားဖောက် ခြင်းနည်းပညာ၊ ငါးရှဥ့်ငါးသားဖောက်
မွေးမြူခြင်းနည်းပညာများ ဖွံ့ဖြိုးလာရန် ကူညီရေး၊ မြန်မာနိုင်ငံ၌ ရေလုပ်ငန်းဆိုင်ရာ
တက္ကသိုလ်(သို့မဟုတ်) ကျွမ်းကျင်မှု အတတ်ပညာသင်ကျောင်း ပေါ်ထွန်းလာရေး အတွက် နည်းပညာများ၊
စီမံကိန်းအထောက်အပံ့များ ရရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးများကို အသေးစိတ် ဆွေးနွေးခဲ့
သည်။ မတ်(၁၈)ရက်တွင် တိုကျိုမြို့ TUMSAT တက္ကသိုလ်၏ Shinagawa-Campus,
Rakusui Hall ၌ ကျင်းပသော
"Seminar on Promoting
Activity for Collaboration
in Fisheries Science
within Vietnam, Myanmar and
Japan" မြန်မာ၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့အကြား ငါးလုပ်ငန်းဆိုင်ရာ
နည်းပညာဖလှယ်ရေး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာ၊ ဗီယက်နမ်နှင့်
ဂျပန်နိုင်ငံ၏ TUMSAT တက္ကသိုလ်တို့အကြား ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုတိုးမြှင့်
လုပ်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ၏ ရေလုပ်ငန်း ဖွံ့ဖြိုးမှုအခြေအနေ
များကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက
ဆွေးနွေးခြင်း၊ ဗီယက်နမ်နိုင်ငံ Can
Tho University နှင့် Hanoi University
of Agriculture တို့၏ ပါမောက္ခများက
၎င်းတို့တက္ကသိုလ်ရှိ သက်ဆိုင်ရာ Faculty များ၏ သုတေသန ဆောင်ရွက်ချက်များ၊ သင်ကြားပေးနိုင်သော
ပညာရပ်များကို မိတ်ဆက်တင်ပြခြင်းနှင့် ဂျပန်နိုင်ငံ TUMSAT တက္ကသိုလ်၏ ပါမောက္ခများမှ ၎င်းတို့ Faculty များ၏ လုပ်ဆောင်ချက်များကို
မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ တိုကျိုမြို့ TUMSAT တက္ကသိုလ်၏ ပါမောက္ခချုပ်နှင့်
TUMSAT ၏ Faculty of Marine
Science မှ ပါမောက္ခများ၊ Faculty
of Marine Technology
ပါမောက္ခများ၊ ဗီယက်နမ်နိုင်ငံ Can
Tho University မှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ Hanoi University
of Science and
Technology နှင့် Hanoi University
of Agriculture မှ ပါမောက္ခများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဖွံ့ဖြိုးမှု
အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာများ၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ
ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင်များ တိုးမြှင့်ခေါ်ယူရေးတို့ကို အသေးစိတ်ဆွေးနွေးပြီး
(TUMSAT) တက္ကသိုလ်အတွင်း၌ ပါရဂူဘွဲ့သုတေသနပြုလုပ် နေမှုများကို လေ့လာကြည့်ရှုခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ၏ ငါးသယံဇာတ အရင်းအမြစ်များကို သုတေသနပြုလေ့လာသော
Research Vessel သို့သွားရောက်လေ့လာပြီး မြန်မာရေပြင်၌ ကျူနာငါးများတည်ရှိမှု
အခြေအနေကို လေ့လာရန် အကူအညီပေးနိုင်ရေးများ ဆွေးနွေးကြသည်။
မတ်(၁၉)ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဂျပန်နိုင်ငံ၏
ငါးလေလံဈေးကြီးဖြစ်သော Tsukiji
Market ခေါ် Tokyo Metropolitan
Wholesale Market သို့သွားရောက်ပြီး
ကျူနာငါးနှင့်အခြား ငါးပုစွန်မျိုးများ ရောင်းဝယ်ဖောက်ကား နေမှုနှင့် လေလံဈေးကြီး၏ ဈေးတည်ဆောက်ထားရှိမှုကို
လေ့လာ၍ ဈေးတာဝန်ခံ TOREI ကုမ္ပဏီ အကြီးအကဲများနှင့်
တွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော
JETRO အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ မြန်မာရေထွက် ကုန်များကို တန်ဖိုးမြှင့်
ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ဂျပန်နိုင်ငံကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့်
ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည်
JICA ရုံးချုပ်၌ JICA ၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ တိရစ္ဆာန်မွေးမြူရေး
ကဏ္ဍဆိုင်ရာ ခွာနာလျှာနာရောဂါ ကာကွယ် ထိန်းချုပ်ရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေး၊
မွေးမြူရေးငါးများ ပိုမိုထိရောက်အကျိုးရှိစွာ ထုတ်လုပ်နိုင်ရန် အတွက် ဖွံ့ဖြိုးရေးအထောက်အကူပြုစီမံကိန်းများ၊
တန်ဖိုးမြှင့် ရေထွက်ကုန်များ ထုတ်လုပ်နိုင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍအတွက်
ကျေးလက်မီးလင်းရေး၊ ကျေးလက်သောက်သုံး ရေရရှိရေးနှင့် ကျေးရွာချင်း ဆက်လမ်းတံတားများ
တည်ဆောက်ရေး တို့အတွက် စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment