Wednesday, March 26, 2014

ရှင်ပြု-သီလရှင်ဝတ် သာမဏေရပဗ္ဗဇ္ဇာဘိသေက အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်-မတ်(၂၆)
ရှင်ပြု-သီလရှင်ဝတ် သာမဏေရ ပဗ္ဗဇ္ဇာဘိသေက အလှူတော်မင်္ဂလာ အခမ်းအနားကို မတ်(၂၄)ရက်နှင့် (၂၅)ရက်တို့တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ဦးဆောင်၍ အလှူရှင် ဦးရှိန်ဝင်းနှင့်ဇနီး ဒေါ်ခင်ချိုဦးမိသားစုတို့၏ ပစ္စည်းလေးပါးထောက်ပံ့မှုဖြင့် ကျင်ဒွေးကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ တိုင်းရင်းသား တိုင်းရင်းသူ ရှင်သာမဏေလောင်း အပါး(၁၁၀)နှင့် သီလရှင်လောင်း အပါး(၃၀)တို့အား ကေသစ္ဆေဒနမင်္ဂလာနှင့် အဘိသေက မင်္ဂလာအခမ်းအနားတို့ကို သာသနာတော် ဆိုင်ရာ ထုံးတမ်း အစဉ်အလာများနှင့် အညီ
ကျင်းပခဲ့သည်။
မတ်(၂၅)ရက် နံနက်(၇)နာရီခွဲတွင် သာမဏေရပဗ္ဗဇ္ဇာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးပြုသော ဝန်ထမ်းမိသားစုများက ကြွရောက်တော်မူ လာကြသည့် ပင့်သံဃာ(၃၅)ပါးနှင့် ရှင်သာမဏေအပါး(၁၁၀)၊ သီလရှင်အပါး(၃၀)တို့အား တစ်ပါးလျှင် အလှူတော်ငွေ (၅၀၀၀)ကျပ်စီ လှူဒါန်းပြီး အလှူရှင် ဦးရှိန်ဝင်းနှင့်ဇနီး ဒေါ်ခင်ချိုဦးမိသားစုတို့က သင်္ကန်းပရိက္ခရာများနှင့် သီလရှင်ဝတ်စုံများ၊ ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းနေ့ဆွမ်းနှင့် ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရ ဒါနတို့ဖြင့် လှူဒါန်းကျွေးမွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသ အမှူးပြုသော ပင့်သံဃာ(၃၅)ပါး ကြွရောက်တော်မူပြီး ဒေသခံ ချင်းတိုင်းရင်းသား ဒွယ်တူ၊ ရင်ဒူး၊ ဒိုင်း၊ ချင်းပုံ၊ ခမွေလူမျိုးစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment