Thursday, March 27, 2014

ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်-မတ်(၂၆)
(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်ရှိ ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ရေသန့်စင်စက်ရုံ (ဒုတိယအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲတွင် အဆိုပါစီမံကိန်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးတင်အောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဌာနမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တော်သို့ ကြည်လင် သန့်ရှင်းသည့် သောက်သုံးရေ ပိုမိုဖြန့်ဖြူး ပေးနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံအစိုးရမှ Grant  Aid အစီအစဉ်ဖြင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၉)သန်းရရှိခဲ့ကြောင်း၊ အတိုးနှုန်း သက်သာသော ODA  Loan  ချေးငွေ အမေရိကန်ဒေါ်လာ (၂၃၉)သန်း ရရှိရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ(၃၁)ရက် ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် အတည်ပြုခွင့်ပြု ပေးခဲ့ပြီးဖြစ်သဖြင့် ရေပေးဝေရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ကြီး စိမ်းလန်းသာယာလှပရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ် ခဲ့သည့် ရေဂါလန်(၄၅)သန်းသည် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့ကို ရေပေးနိုင်တော့မည်ဖြစ်ကြောင်း။
ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်သို့ တစ်နေ့ရေဂါလန်(၁၀)သန်းနှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအတွက် ရေဂါလန်သန်း(၃၀) စုစုပေါင်းရေဂါလန် သန်း(၄၀)ပေးဝေနိုင်မည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းအပြင် ထပ်မံဆောင်ရွက်နိုင်မည့် ရေအရင်းအမြစ်များ တိုးချဲ့ရှာဖွေခြင်း၊ ရေလှောင်ကန်ကြီးများ၏ ရေဝေရေလဲဧရိယာများ ထိန်းသိမ်းခြင်း၊ တာတမံပေါင်များကြံ့ခိုင်မှု ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ရေပို့ပိုက်မကြီးများ ကြံ့ခိုင်မှုဆောင်ရွက်ခြင်းနှင့် ရေပေးဝေရေး စနစ်ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင် တာဝန်ရှိသူ အဆင့်ဆင့်က ဆက်လက်စီမံ ဆောင်ရွက်သွားရန်၊ မိဘပြည်သူများအနေဖြင့် ရေလေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ဦးလှမြင့်က ရေသန့်စင် စက်ရုံ(ဒုတိယအဆင့်) တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် မုခ်ဦးရှေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ဦးလှမြင့်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း တို့က ငမိုးရိပ်ရေပေးဝေရေး စီမံကိန်း ရေသန့်စင်စက်ရုံ (ဒုတိယအဆင့်) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေတွန်းစက်များကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ ရေစတင်ပို့လွှတ်နေမှု အခြေအနေများ၊ Computer  Control  Room နှင့် ရေတွန်းစက်လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ယနေ့ဖွင့်လှစ်လိုက်သော ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း ရေသန့်စင်စက်ရုံ (ဒုတိယအဆင့်)မှ တစ်နေ့ ရေဂါလန် (၄၅)သန်းအား မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း(၇)မြို့နယ် တို့ကိုလည်း ရေအားထပ်မံ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။
ဖွင့်ပွဲ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့်၊ သုံးခွကျေးရွာ မစိုချောင်းအနီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းသို့ရောက်ရှိ စစ်ဆေးကြသည်။
လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို (၄.၅.၂၀၁၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကာလမှာ (၂)နှစ်နှင့်(၃)လကြာ ဆောင်ရွက်သွားမည်ဖြစ်၍ စီမံကိန်းပြီးစီးပါက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် သီလဝါစက်မှုဇုန်များသို့ တစ်နေ့ရေဂါလန် သန်း(၄၀) ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်အိမ်ရာ အမှတ်(၉၄)ရပ်ကွက်၌ တည်ဆောက်လျက်ရှိသည့် ယုဇနဥယျာဉ်အိမ်ရာသို့ ရေပေးဝေမည့်လုပ်ငန်း စီမံကိန်း ဆောင်ရွက်နေသော နေရာသို့ရောက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှူး(ရေနှင့်သန့်ရှင်းမှု) ဦးမြင့်ဦးက ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှု၊ ရေလှောင် ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှု ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်သွားရန် မှာကြားသည်။

ယုဇနဥယျာဉ်အိမ်ရာသို့ ရေပေးဝေမည့် လုပ်ငန်းစီမံကိန်းကို (၂၈.၁.၂၀၁၄)ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး (၁၀.၄.၂၀၁၄) ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကာ ယုဇနဥယျာဉ်အိမ်ရာသို့ တစ်နေ့ရေဂါလန် (၁ ဒသမ ၄) သန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment