Wednesday, March 26, 2014

ပညာရေးရုပ်မြင်သံကြားထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်-မတ်(၂၆)
ပညာရေးရုပ်မြင်သံကြား ထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂)နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့ တက်ရောက်အမှာ စကားပြောကြားကြသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပညာရေးရုပ်မြင်သံကြားလိုင်းကို မြန်မာ့အသံနှင့်ရုပ်မြင် သံကြားက သီးခြားလိုင်းတစ်ခုအနေဖြင့် ထုတ်လွှင့်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းအရ ထုတ်လွှင့်နိုင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊ ရုပ်သံလိုင်း ထုတ်လွှင့်ခြင်းအတွက် စနစ်တကျစီမံ ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပညာရေးရုပ်မြင်သံကြားလိုင်းကို ဧပြီ (၁)ရက်တွင် စတင် ထုတ်လွှင့်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရေး ဆွေးနွေးပြောကြား သည်။

 ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများမှ ပညာရေး ရုပ်မြင်သံကြားလိုင်း ထုတ်လွှင့် နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှီသည်။ (သတင်းစဉ်)

No comments:

Post a Comment