ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ မွန်းလွဲပိုင်းတွင် စိတ် ကျန်းမာရေး ဆေးရုံတို့၌ ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်
ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာ အကြီးအကဲ များနှင့်အတူနံနက် ၈ နာရီတွင် လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
ရောက်ရှိပြီးဆေးကုသဆောင် (၂)၊ ဆေးကုသဆောင်(၁)၊ ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသဆောင်နှင့် အရေးပေါ်နှင့်ပြင်ပလူနာ
အထူးကုသ ဆောင်တို့၌ ဆေးဝါးကုသမှု ခံယူနေကြသည့် ဝေဒနာရှင်ပြည်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်အားပေး စကားပြောကြားသည်။
ဆက်လက်၍ ခေတ်မီခွဲစိတ်ခန်းနှင့် ခေတ်မီကျန်းမာရေးဝန်ဆောင်မှု
စက်ကိရိယာများ၊ အထူးကြပ်မတ် ကုသ ဆောင်များပါဝင်မည့် ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ရန်
ဆောင်ရွက်နေမှု၊ ဓာတ်မှန်ရိုက်ခန်း၊ အထူးဓာတ်ခွဲ စမ်းသပ်ခန်း၊ ခွဲစိတ်ရောဂါလူနာအရေးပေါ်ခန်း၊
နှလုံးလူနာဆောင်၊ အထွေထွေ ခွဲစိတ်ကုသဆောင်နှင့် TRAINING CENTRE၊ ဆေးစတိုခန်း၊ ကင်ဆာရောဂါ
ကုသဆောင်ရှိ ဓာတ်ရောင်ခြည် ကုသရေးဌာနနှင့် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်
TRAINING CENTRE၊ ခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာကြီး၊ ဆရာမကြီးများနှင့် ဝန်ထမ်းများအား
တွေ့ဆုံသည်။ ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့်
လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက
ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
သိရှိလိုသည်များနှင့် လိုအပ်ချက်များကိုမေးမြန်းပြီး အမှာစကား ပြောကြားရာတွင် “ဤဆေးရုံကြီး၏
တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို ပြန်ကြည့်ရအောင်နှင့်ဝန်ထမ်း များကိုနှုတ်ဆက်အားပေးရအောင်
ယခုတစ်ခေါက် ထပ်မံလာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး၊ အစဉ်အလာ
အကြီးမားဆုံး ဆေးရုံကြီးကို ပြပါဆိုလျှင် ခုတင် ၁၅၀၀ ဆံ့ ဤဆေးရုံကြီး ကို ပြရမည်ဖြစ်ပါကြောင်း၊
အဆောက်အအုံအနေဖြင့် သက်တမ်းနှစ် ၁၀၀ ကျော်ပြီဖြစ်သည့်အတွက် လူနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်၊
တုတ်ကောက်ကိုင် လမ်းလျှောက်ရမည့် အဆင့်မကတော့ဘဲ Wheel Chair ဖြင့် သွားရမည့်အဆင့်ကို
ရောက်နေပြီဖြစ်ပါကြောင်း၊ National Heritage အနေဖြင့် Museum ထဲပြရမည့် သက်တမ်းရောက်သည့်
အဆောက်အအုံဖြစ်သော်လည်း အမျိုးသားအဆင့် သမိုင်းဝင်သည့် ဆေးရုံကြီး ဖြစ်သည်နှင့်အညီ
လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းကပါ စိတ်ဝင်စားသည့်
အတွက် လုပ်ငန်းများဆက်လုပ်နိုင်အောင် ဘယ်လိုဘယ်နည်း ဘယ်ပုံဖြင့် ပြုပြင်ထိန်းသိမ်းသွားကြမည်
ဆိုသည်ကို လူပုဂ္ဂိုလ်အတော်များများ၏ နှုတ်ဖျားတွင် ရေပန်းစားသည့် ဆေးရုံကြီးပင်ဖြစ်ပါကြောင်း။
အသက်ကြီးသော်လည်း လုပ်ငန်းကိုဆောင်ရွက် နေရသည့်အပြင်ဆရာဝန်၊
ဆရာမ၊ ဆေးကျောင်းသား ကျောင်းသူ၊ လူနာ၊ လူနာစောင့်များ နှင့် မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံရင်း
အများအတွက် အကျိုးပြုနေဆဲပင် ဖြစ်ပါကြောင်း၊ ယင်းသို့အစဉ်အလာကြီးမားသည့် ဆေးရုံကြီးတွင်
နေ့မအား ညမနားတာဝန်ထမ်းဆောင် နေကြသော ဆရာကြီး၊ ဆရာမကြီး၊ ဝန်ထမ်းများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို
နိုင်ငံ့ကိုယ်စား ပြောကြားလိုပါကြောင်း၊ ကျန်းမာရေးကဏ္ဍမှာ သာမန်အားဖြင့် ကြည့်မည်ဆိုလျှင်
Promotive, Preventive, Curative နှင့် Rehabilitative လေးခုရှိသည့်အထဲတွင် ဆေးရုံကြီး၏
လုပ်ငန်းတာဝန်အနေဖြင့် ကုသရေး တစ်ခုထဲသက်ဆိုင်သည်ဟု ထင်ရသော်လည်း တကယ်တော့ လေးခုစလုံးနှင့်
သက်ဆိုင်ပါကြောင်း၊ ကုသရေးကို တာဝန်ယူရသည်ဆိုသော်လည်း ကာကွယ်ရေးတို့ကိုပါ ကူညီပေးကြရန်လည်း
လိုမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဝိုင်းကူပြီး လုပ်ပေးမှ ဆေးရုံပေါ်ကို ရောက်ရှိလာသည့်
ဝန်ထုပ်ဝန်ပိုးများ လျော့သွား နိုင်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တွင်ရှိသည့် ဆေးရုံကြီးငါးရုံကို
လှည့်လည်ကြည့်ရှုခဲ့ရာတွင် များသောအားဖြင့် ဝန်ထမ်း၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ ခွဲခန်းများမလုံလောက်ခြင်း၊
အဆောက်အအုံ မလုံလောက်ခြင်းများကို တွေ့ရပါကြောင်း၊ ယခုဆေးရုံကြီးအနေဖြင့်လည်း အလားတူအခက်အခဲများ
ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယခု တင်ပြသည့်အခက်အခဲများကို လိုအပ်သလိုညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း”
ဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများက တင်ပြကြသည့်
လိုအပ်ချက်များနှင့် အထွေထွေ အကြံပြု ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်
ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင်
ကျွန်းသားဖြင့် အဆောက်အအုံဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံကြီးကို
စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မအဆောင်ကို လက်ရှိနေရာတွင်
အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် လုံးဝပြီးစီးခဲ့သည်။ မြေညီထပ်အပါအဝင် လေးထပ်အဆောက်အအုံဖြစ်ပြီး
ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေ သိန်း ၄၀ ကျော် ကျခံတည်ဆောက်ခဲ့ကြောင်း
မှတ်တမ်းများအရ သိရှိရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် ၅၄၆ ခုတင်ဆံ့ အဖြစ်လည်းကောင်း၊
၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကိုလည်းကောင်း ဆောက်လုပ်ကာတိုးချဲ့
ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြောက်ဥက္ကလာပမြို့နယ်ရှိ မြောက်ဥက္ကလာပ
အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံသို့ ရောက်ရှိကြပြီး မွေးကင်းစကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊
အထွေထွေလူနာဆောင်၊ ဆေးတက္ကသိုလ်(၂) မေ့ဆေးပညာဌာနနှင့် ပင်မခွဲစိတ်ခန်း၊ သားဖွားဆောင်အပါအဝင်
ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုသမှုခံယူနေသည့် ဝေဒနာရှင်လူနာများအား
နှုတ်ဆက်အားပေးစကား ပြောကြားကာ သင်ကြားရေး ခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာကြီး၊ ဆရာမကြီးများနှင့်
ဝန်ထမ်းများအားတွေ့ဆုံသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက
ဆေးရုံကြီးနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ဆေးရုံတိုးချဲ့ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက “ယခုဆေးရုံအပါအဝင် ဆေးရုံခုနစ်ရုံသို့မိမိတို့
သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆေးရုံအတွက်လိုအပ်သည့် အဆောက်အအုံနှင့် ဆေးဘက်ဆိုင်ရာ
ဝန်ထမ်းအင်အားများ ကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊
လိုအပ်ချက်များကိုလည်း ပြန်လည် သုံးသပ်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆေးရုံအတွင်း
သန့်ရှင်းသပ်ရပ်ရေးအတွက် အစဉ်တစိုက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း” ဖြင့်ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ
စိတ်ကျန်းမာရေး ဆေးရုံကြီးရန်ကုန်သို့ ရောက်ရှိကြပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ
ဆေးရုံကြီးအပန်းဖြေခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာကြီး၊ ဆရာမကြီးများနှင့် ဝန်ထမ်းများအား
တွေ့ဆုံသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းက
စိတ်ကျန်းမာရေး ဆေးရုံကြီးနှင့် သက်ဆိုင်သည့် အချက် အလက်များနှင့် လုပ်ငန်းဆောင်ရွက်
နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးဒေါက်တာ ဒေါ်သိန်းသိန်းဌေး က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက“ယနေ့စိတ်ကျန်းမာရေးဆေးရုံသို့
လာရောက်ခြင်းမှာ ဆေးရုံ၏လိုအပ်ချက်နှင့် ဝန်ထမ်းများကို နှုတ်ဆက်အားပေးရန်ဖြစ်ပါကြောင်း၊
ယခုတင်ပြကြသည့် လိုအပ်ချက် များကို တိုင်းဒေသကြီးအပိုင်း၊ ဝန်ကြီးဌာနအပိုင်း၊ သက်ဆိုင်ရာအပိုင်းအလိုက်
ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ နိုင်ငံတော်အပိုင်းနှင့် သက်ဆိုင်သည်များကိုလည်း ပြန်လည်သုံးသပ်
ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များရှိပါကလည်း
တင်ပြကြစေလိုပါကြောင်း” ဖြင့် ပြောကြား သည်။
ယင်းနောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များကို ပေါင်းစပ်လ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ လက်ရှိစိတ်ကျန်းမာရေးဆေးရုံကြီးကို
၂၀၀၂ ခုနှစ် မတ် ၁ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သို့
ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


No comments:
Post a Comment