Monday, March 24, 2014

လုပ်ငန်းခွင် အေးချမ်းသာယာရေး လိုက်နာဆောင်ရွက်ကူညီပေး

ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား မြင့်မား၍ အလုပ် ရှင်နှင့် အလုပ်သမားနှစ်ဦး နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည်
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ၏ပြောင်းလဲလာသော နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများအရ ပိုမိုလွတ်လပ်စွာလုပ်ကိုင်ရန် အခွင့်အလမ်းများ ရရှိလာသည်နှင့်အမျှစက်ရုံ၊ အလုပ်ရုံများ တိုးတက်ဖွင့်လှစ်လာနိုင်သည်ကို တွေ့ရှိရ သော်လည်းအလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုများလည်း ဆက်လက်ဖြစ်ပေါ်နေဆဲရှိသည်ကို တွေ့ရှိရပါသည်။ အငြင်းပွားမှုများ လျော့နည်းပပျောက်သွားစေရန် လုပ်ငန်းပိုင်ရှင်များအနေဖြင့် လုပ်ငန်း လုပ်ကိုင်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း မိမိဆောင်ရွက်ရမည့် တာဝန်ကို ကောင်းစွာသိရှိနားလည်လုပ်ကိုင်ရန်လိုအပ်ပါသည်။ ဤသို့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား မြင့်မား၍ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည် အလုပ်သမားများဥပဒေပါ အကျိုးခံစားခွင့်များကို ရရှိစေရန်နှင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာန များတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အကြံဉာဏ် ပေးခြင်း၊ လေ့ကျင့်ပညာပေးခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ဖြန့်ချိပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများဖွဲ့စည်း၍ လိုအပ်သည့် နည်းပညာရပ်ဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ အလုပ်သမားများကို ဥပဒေပါ ငွေကြေးခံစားခွင့်များရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ၊ အလုပ်သမားလျော်ကြေးဥပဒေနှင့် လူမှုဖူလုံရေးဥပဒေတို့အရ အလုပ်သမားများ ခံစားခွင့်ရရှိမည့် ငွေကြေးများကို ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အချိန်ပိုလုပ်ကိုင်ခွင့် တောင်းခံခြင်းများကို ဥပဒေနှင့်အညီစိစစ်ခွင့်ပြုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
လုပ်ငန်းရှင်များအနေဖြင့် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့်အညီ လုပ်ငန်းစတင်ဖွင့်လှစ် လုပ်ကိုင်ခြင်းမပြုမီ ၁၅ ရက်ကြိုတင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ အကြောင်း ကြားစာပေးပို့ရန်နှင့် အလုပ်ရုံကို ခေတ္တ(သို့မဟုတ်) အမြဲတမ်းပိတ်ထားလိုပါက တစ်လ၊ရုတ်တရက်ပိတ်ပါက ၄၈ နာရီအတွင်းနှင့် အလုပ်ရုံကို ပိတ်ထားရာမှပြန်လည်ဖွင့်လှစ်လိုပါက မဖွင့်လှစ်မီ ၁၅ ရက်အတွင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ အကြောင်းကြားဆောင်ရွက်ရမည်ဖြစ်ပါသည်။ မန်နေဂျာအသစ်ခန့်ပြီးသည်နှင့် လုပ်ငန်းပိုင်ရှင်မှ ခုနစ်ရက်အတွင်း နို့တစ်စာပေးပို့ရမည်ဖြစ်ပြီး မန်နေဂျာခန့် ထားခြင်း မရှိပါက လုပ်ငန်းပိုင်ရှင်သည် မန်နေဂျာဖြစ်ပါသည်။ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုကြောင့် အလုပ်သမားသေဆုံးလျှင် ဖြစ်စေ၊ ကိုယ်အင်္ဂါထိခိုက်နာကျင်ပြီး ၄၈ နာရီထက်ပို၍ အလုပ်မလုပ်နိုင်လျှင်ဖြစ်စေ မန်နေဂျာသည် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ မတော်တဆထိခိုက်မှု နို့တစ်စာ ပေးပို့ရမည်ဖြစ်ပြီး လုပ်ငန်းခွင် ရောဂါစွဲကပ်နေပါကလည်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနသို့ နို့တစ်စာပေးပို့ရန်လိုပါသည်။
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ကျန်းမာရေးနှင့် ပတ်သက်၍ အပူအအေး မျှတရေး၊ လေဝင်လေထွက်ကောင်းမွန်ရေး စီမံထားရမည့်အပြင် လုံလောက်သည့် အလင်းရောင်ရရှိစေရန်နှင့် အန္တရာယ်ရှိသည့် အခိုးအငွေ့နှင့် အမှုန်အမွှားများ စုဝေးမှုမရှိစေရန်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ အန္တရာယ်ရှိသည့် လည်ပတ်လှုပ်ရှားနေသည့် စက်ကိရိယာများကို လုံခြုံခိုင်ခံ့စွာ ကာရံထားရန်နှင့် အလုပ်ခန်းတိုင်းတွင် အရေးပေါ်အခြေအနေ ကြုံတွေ့လာပါက လည်ပတ်နေသော စက်ကိရိယာများ ရပ်တန့်ရန်အတွက် သင့်လျော်သော အစီအမံများထားရှိရန် လိုအပ်ပါသည်။ စက်ယန္တရားများ အသုံးပြုဆောင်ရွက်သော လုပ်ငန်းများကို ပုံမှန်စစ်ဆေး၍ မှတ်တမ်းထားရှိရမည်ဖြစ်ပြီး အလုပ်ရုံစစ်ဆေးရေး အရာရှိများကလုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေကို တိုင်းတာအကဲဖြတ်ရာတွင် အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်ပေးရပါမည်။ အန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းခွင်များတွင် အလုပ်သမား များအတွက် ကိုယ်ခန္ဓာ ကာကွယ်ရေးဝတ်စုံများထုတ်ပေး၍ မဖြစ်မနေ ဝတ်ဆင်လုပ်ကိုင်စေရန်နှင့် အလွန်အမင်း လေးလံသည့်ဝန်ချိန်များကို အမျိုးသမီးနှင့် လူရွယ်လုပ်သားများအား သယ်မခြင်း၊ ရွှေ့ပြောင်းခြင်း မပြုစေရပါ။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် မီးသတ်ပစ္စည်းကိရိယာများကို လုံလောက်စွာထားရှိ ရမည်ဖြစ်သည့်အပြင် မီးလောင်လျှင်ထွက်နိုင်သည့်အရေးပေါ်ထွက်ပေါက်၊ သွားလမ်းနှင့် အန္တရာယ်အချက် ပေးကိရိယာများထားရှိရမည်ဖြစ်ပြီး မီးလောင်မှုမဖြစ်ပွားစေရေးကိုလည်း အလေးထား ဆောင်ရွက်ရပါမည်။ အလားတူပင် မီးသတ်ခြင်းလုပ်ငန်းစဉ်ကိုလည်း ဇာတ်တိုက်လေ့ကျင့်ထားရန် လိုအပ်ပါသည်။
ထို့အပြင် ထမင်းစားခန်းနှင့် သန့်ရှင်းစင်ကြယ်သော သောက်သုံးရေကိုလုပ်သားအင်အားနှင့်အညီ လုံလောက် စွာ စီစဉ်ပေးရန်လိုအပ်ပြီး အိမ်သာနှင့်ကျင်ငယ်စွန့်ရန် နေရာများကို ကျား/မ ခွဲခြား၍ သန့်ရှင်းစင်ကြယ်စွာ စီမံပေးရပါမည်။ လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ရန် ဘေးကင်းရေးလုပ်ငန်းစဉ်များ၊ အန္တရာယ်သတိပေး အချက်ပြများ၊ နို့တစ်စာများ၊ ပိုစတာများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို စီမံထားရှိရန် လိုအပ်ပါသည်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် စီမံခန့်ခွဲသူ အပါအဝင် အလုပ်သမားများပါ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းများ တက်ရောက်ခြင်း၊ အသိပညာပေးဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးခြင်းများ ဆောင်ရွက်ရပါမည်။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်မည့် အခြေအနေ၊ အကြောင်းအရာ၊ ဖြစ်ရပ်တစ်ခုခုကို တွေ့ရှိသည်နှင့် ကိုယ်တိုင်ဖြစ်စေသို့မဟုတ် လုပ်ငန်းကို အနီးကပ် ကြီးကြပ်သူကဖြစ်စေ အလုပ်ရှင်ထံချက်ချင်း အသိပေးရန်လိုပါသည်။ အလုပ်ရုံစစ်ဆေးရေး အရာရှိများ၏ အကြံပြုချက်၊ ညွှန်ကြားချက်များကို မဖြစ်မနေ အလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် အကျိုးရလဒ် ကောင်းများ ရရှိနိုင်သည်ကို သိရှိထားသင့်ပါသည်။
အလုပ်ရှင်များအနေဖြင့် အလုပ်လုပ်ကိုင်ရန် ကာလအပိုင်းအခြားဆိုင်ရာနို့တစ်စာကို စက်ရုံအတွင်း အလုပ်သမားများ မြင်သာသောနေရာ၌ ကပ်ထားရမည့်အပြင် အလုပ်ချိန်နှင့် ပတ်သက်၍ သာမန်အလုပ်ချိန် တစ်ရက်လျှင် ရှစ်နာရီ၊ ရက်သတ္တတစ်ပတ်လျှင် ၄၄ နာရီ လုပ်ကိုင်ခွင့်ရှိပြီး အဆက်မပြတ် လုပ်ရသော လုပ်ငန်းများတွင် ရက်သတ္တတစ်ပတ်အလုပ်ချိန် ၄၈ နာရီ လုပ်ကိုင်နိုင်ပါသည်။
အားလပ်ချိန်နှင့် ပတ်သက်၍ အလုပ်သမားများကို တစ်ဆက်တည်း ငါးနာရီလုပ်ကိုင်ပြီးပါက အနည်းဆုံး နာရီဝက်အနားပေးရန် လိုပါသည်။ အလုပ်ချိန်ပြောင်းလဲလုပ်ကိုင်လိုပါက အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး အချိန်ပို လုပ်ကိုင်လိုပါက သတ်မှတ် ချက်များနှင့်အညီ ဦးစီးဌာနသို့ တင်ပြ၍ ကြိုတင်ခွင့်ပြုချက် ရယူလုပ်ကိုင်နိုင်ပါသည်။ အချိန်ပိုလုပ်ခကို သာမန်လုပ်ခ၏ နှစ်ဆနှင့် ရှားပါးစရိတ်ရရှိပါက ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ပါ ထုတ်ပေးရမည် ဖြစ်ပါသည်။
တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက် အလုပ်ပိတ်ပေးရန် လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်အရ တနင်္ဂနွေနေ့တွင် အချိန်ပိုလုပ်ကိုင်လိုပါက အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပြီး အစားထိုးတစ်ရက်အနားပေးရန် လိုပါသည်။
အသက် (၁၃) နှစ်မပြည့်သေးသည့် မည်သည့် ကလေးကိုမျှ စက်ရုံ၊ အလုပ်ရုံ၊ဆိုင်နှင့် အလုပ်ဌာနများတွင် လုပ်ကိုင်ခွင့်မပြုဘဲ အသက်(၁၃) နှစ်မှ (၁၈) နှစ်ထိကလေးလုပ်သားများကို အလုပ်ချိန်လေးနာရီသာ စေခိုင်းနိုင်ပါသည်။ သို့သော်အသက်(၁၅) နှစ်မှ (၁၈) နှစ်အတွင်း ကလေးများသည် လူကြီးအလုပ်သမားအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်၏ လက်မှတ်ရယူ၍ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင် နိုင်သည်။ ကလေးအလုပ်သမားများကိုစက်ရုံ့၊ အလုပ်ရုံများတွင် ည ၆ နာရီမှ နံနက် ၆ နာရီကြား ခိုင်းစေခွင့်မရှိဘဲစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တစ်ခုခုတွင် အလုပ်လုပ်ပြီးသော ကလေးလုပ်သားကို အခြား စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တစ်ခုခု၌ ထပ်မံခိုင်းစေခွင့်မရှိခြင်းကို လိုက်နာဆောင်ရွက်ရန် လိုပါသည်။
အလုပ်သမားများအနေဖြင့် ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နှင့်ဆေးလက်မှတ်ခွင့်များ ခံစားနိုင်ပြီး တစ်နှစ်လျှင် ရှောင်တခင်ခွင့် ခြောက်ရက်ခံစားနိုင်၍ တစ်ကြိမ်လျှင် အများဆုံး သုံးရက်ရယူနိုင်ပါသည်။ လုပ်သက်ခွင့်အနေဖြင့် တစ်ဆက်တည်း ၁၂ လပြည့်အောင် လုပ်ကိုင်ခဲ့သော အလုပ်သမားများကို ပျမ်းမျှလစာငွေဖြင့် လုပ်သက်ခွင့် ၁၀ ရက် ခံစားခွင့်ပြုနိုင်ပြီး တစ်လလျှင် ၂၀ ရက် ပြည့်အောင် မလုပ်ခဲ့သည့်လများအတွက် အလုပ်ရှင်က တစ်လလျှင် တစ်ရက်နှုန်း ဖြတ်တောက်နိုင်ပါသည်။ အလုပ်ရှင်နှင့်အလုပ်သမားသဘောတူလျှင် လုပ်သက်ခွင့်ကို သုံးနှစ်ထိ စုဆောင်းနိုင်ပါသည်။ တစ်နှစ်လျှင်ဆေးလက်မှတ်ခွင့် ၃၀ ရက်ကို လုပ်သက် ခြောက်လကျော်လျှင် လုပ်ခမပျက်ခံစားခွင့်ပေးနိုင်ပြီး လုပ်သက် ခြောက်လမပြည့်လျှင် လစာမဲ့ဆေးခွင့် ခံစားခွင့်ပြုနိုင်ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်တွင် လုပ်ခလစာအပြည့်ဖြင့်လုပ်သားများကို အနားပေးရမည် ဖြစ်ပါသည်။
လုပ်ခပေးရမည့်ရက်မှာ အလုပ်သမားဦးရေ ၁၀၀၀ မကျော်ပါကလကုန်ပြီး ခုနစ်ရက်အတွင်းနှင့် ဦးရေ ၁၀၀၀ ကျော်ပါက လကုန်ပြီး ၁၀ ရက်အတွင်း ပေးချေရပါမည်။ အလုပ်သမားအား အလုပ်မှရပ်စဲသောအခါ အလုပ်ရပ်စဲသည့်ရက်၏ နောက်တစ်ရက်တွင် လုပ်ခကို ထုတ်ပေးရပါမည်။ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ခမှအလုပ်ဆင်းရန် ပျက်ကွက်မှု၊ ယုံကြည်အပ်နှံထားသည့် ကုန်စည်နှင့်ငွေများပျောက်ဆုံးမှု၊ နေထိုင်ရန် အိမ်လခနှင့် လုပ်ငန်းခွင်သုံး ကိရိယာ တန်ဆာပလာများ ပျောက်ဆုံးမှု၊ ကြိုတင်ပေးထားသည့်ငွေများ (သို့မဟုတ်) ပိုမိုပေးမိသောငွေများ၊ အိုနာစာရန်ပုံငွေ၊ လူမှုဖူလုံရေး ထည့်ဝင်ကြေး၊ သမဝါယမအသင်းသို့ပေးရန်ငွေများ၊ အသက်အာမခံ၊ အမြတ်ခွန်၊ ငွေစုငွေချေး သမဝါယမစုငွေများ၊မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့အစည်းသို့ ထည့်ဝင်ကြေးနှင့် ဒဏ်ငွေများကို တရားဝင်ဖြတ်တောက်နိုင်သည်။ ဖြတ်တောက်ငွေအားလုံးသည်အလုပ်သမားရရှိမည့် ငွေအားလုံး၏ ၅၀ ရာခိုင်နှုန်းထက် မပိုစေရပါ။
ထို့အပြင် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂ခုနှစ်) ပုဒ်မ-၄၂ အရ "မည်သူမျှ သပိတ် မှောက်ခြင်းတွင် ပါဝင်ဆောင်ရွက်လိုခြင်းမရှိသည့် အလုပ်သမားများ၏ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ခြင်းသော်လည်းကောင်း၊ အလုပ်သမား၏ သပိတ်မှောက်ခြင်းပြုနိုင်သည့် အခွင့်အရေးကို နှောင့်ယှက်ဟန့်တားခြင်းသော်လည်းကောင်း မပြုရ" ဟု ဖော်ပြထားသကဲ့သို့ ပုဒ်မ-၄၃ တွင် "မည်သူမျှ တစ်ဦး ချင်းအငြင်းပွားမှု(သို့မဟုတ်) စုပေါင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန် (သို့မဟုတ်) ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ"ဟုဖော်ပြထားသည့်အပြင် ပုဒ်မ-၅၄ ၌လည်း "သပိတ်မှောက်ခြင်းသည် အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူညီချက်အား ခေတ္တရပ်ဆိုင်းစေခြင်းဖြစ်၍ထိုကာလအတွင်း အလုပ်ရှင်က သပိတ်မှောက်သည့် အလုပ်သမားအား လစာစရိတ်ပေးရန် တာဝန်မရှိစေရ" ဟု သတ်မှတ်ထားသည့် ဥပဒေကြောင်းဆိုင်ရာသတ်မှတ်ချက်များကိုလည်း အလုပ်ရှင်နှင့် အလုပ်သမားများက လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
သို့ဖြစ်ပါ၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း အလုပ်ရှင်နှင့်အလုပ်သမားများက လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကောင်းစွာသိရှိနားလည်၍ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား တောင်းဆိုအငြင်းပွားမှုများ လျော့ပါးသွားမည်ဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား အပြန်အလှန်သစ္စာရှိမှု၊ နွေးထွေးသောဆက်ဆံမှု ၊အပြန်အလှန်ယုံကြည်ကိုးစားမှုရှိရမည့်အပြင် အလုပ်သမားရေးရာ ဥပဒေပါအချက်များကို သိရှိနားလည်၍ အလေးထားလိုက်နာ ဆောင်ရွက်ခြင်း၊အလုပ်ရှင်နှင့်အလုပ်သမားတို့သည် အပြန်အလှန်အကျိုးပြုနေသည်ဟု ခံယူပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သောလုပ်ငန်းခွင်ဆက်ဆံရေးကို ဖြစ်ပေါ်စေကာ ကုန်ထုတ်စွမ်းအားတိုးတက်စေပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း အများပြည်သူများ သိရှိနိုင်ရန်အတွက် ဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment