Wednesday, March 26, 2014

ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်

နေပြည်တော်-မတ်(၂၆)
ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရေး၊ ကောင်းမွန်သော စီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ်များရရှိရေး၊ ထိရောက်စွာ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေးတို့အား မဟာဗျူဟာမူဘောင် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (All  Inclusive  People-Center  Development) အား ဆောင်ရွက်လျက် ရှိကြောင်းကို
မတ်လ(၂၃)ရက် နံနက်(၆)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။
 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်တစ်မြို့နယ်စီ၌ Livestock  Bank  ဖြင့် မွေးမြူရေးမတည်ငွေ ကျပ်သိန်းသုံးရာစီအား မတည်ထူထောင် ပေးသွားမည်ဖြစ်ရာ ရပ်ကွက် ကျေးရွာအလိုက် ကျေးရွာသူ ကျေးရွာသားများ မွေးမြူလိုသည့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်လိုအပ်ချက် များအား ရပ်ကွက်/ကျေးရွာ အထောက်အကူပြုကော်မတီ၊ ကျေးလက်လူငယ်များနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့်တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်အတူ နိုင်ငံတော်သမ္မတ၏ မွေးမြူရေး စွမ်းဆောင်ရည်ဆု အတွက် တင်ပြထားသော ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စီတုန်ကျေးရွာရှိ ဦးကြားလူး၏ ကျောက်စိမ်းကန်မွေးမြူရေးခြံအတွင်း ဝက်၊ ကြက်၊ ငါး တွဲဖက်မွေးမြူထားရှိမှု အခြေအနေများနှင့် ဖန်မင်ကျေးရွာအုပ်စု၊ ဟကြားမုနိုးကျေးရွာရှိ ဦးကျဟေး၏ နို့စားနွားခြံနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအတွင်း နို့စားနွားမွေးမြူထားရှိမှု၊ ပျားလိမ္မော်/ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု၊ ရော်ဘာစေးခြစ်သင်တန်း လက်တွေ့ သင်ကြားနေမှုများအား ကြည့်ရှုသည်။
 ညနေပိုင်းတွင် တာချီလိတ်လေယာဉ်ကွင်းနှင့် ဟဲဟိုးလေယာဉ်ကွင်းတို့၌ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment