Wednesday, March 26, 2014

ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြည့်ရှုစစ်ဆေး ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့နှင့် ရပ်မိ/ရပ်ဖများအား တွေ့ဆုံ

နေပြည်တော်-မတ်(၂၆)
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့်အတူ မတ်(၂၂)ရက် နံနက်ပိုင်းတွင် မူဆယ်ခရိုင် နမ့်ခမ်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအတွင်းရှိ ဆေးစတို၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာန၊ သွေးလှူဘဏ်၊ဓာတ်ခွဲခန်း၊ ဆေးရုံအတွင်း အပြင် ကြံ့ခိုင်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေကြသည့် လူနာများအား အားပေးစကားပြောကြားသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကြိုတင်ကာကွယ်မှုသည် အရေးကြီးကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ကိုယ်ချင်းစာတရားနှင့် စေတနာ၊မေတ္တာရှေ့ထားရန်လိုကြောင်း၊ ထိုအပြုအမူတို့သည် လူနာများအတွက် အားဆေးတစ်ခွက်ဖြစ်ကြောင်း၊ ဆေးရုံကိုမြို့ပေါ်နှင့် ကျေးရွာနေ ပြည်သူများ အားထားလာစေရန်မှာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းတို့၏ စေတနာထားလုပ်ဆောင်ချက်သည် များစွာအရေးကြီးကြောင်း၊ ယခု နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်ရေးအတွက် ဆရာဝန်များနှင့် ဝန်ထမ်း များကို ရာနှုန်းပြည့် တိုးမြှင့်ခန့်ထားပေးလျက်ရှိရာ ကျေးရွာထိ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက် ကျွေးခြင်း၊ အသိပညာပေးခြင်းများနှင့် သေစာရင်းပြုစုခြင်းများ ပိုမိုလုပ်ဆောင်သွားကြရန်လိုကြောင်း၊ အဆိုပါ ဆေးရုံဝင်းရှိ အစည်းအဝေးခန်းမတွင် ဆရာဝန်၊ ဆရာမ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယခုအချိန်တွင် ပွင့်လင်းမြင်သာရမည့် အချိန်ဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများ၏ မိမိကိုယ်စီ တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝေဖန်ခံရမှု မရှိရလေအောင် လုပ်ဆောင်ရန်လိုကြောင်း၊ ဝေဖန် ခံရမှုများကို ကြောက်နေရန်မလိုဘဲ ဆောင်ရွက်စရာရှိသည်များကို စေတနာမှန်မှန်နှင့် သွက်သွက်လက်လက် လုပ်ဆောင်သွားကြစေလိုကြောင်း၊ ရေ မီး မိလ္လာနှင့် ဆေးရုံအတွင်း အပြင် သန့်ရှင်းရေးကို အမြဲတမ်းဝန်ထမ်း များဖြင့် နေ့စဉ်ဆောင်ရွက်နေရန်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
 နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံသည် ၁၉၀၂ ခုနှစ်တွင် သိန္တီစော်ဘွားက လယ်ဧက(၃၀) လှူဒါန်းပြီး ဒေါက်တာ ဟာပါးက စတင်တည်ထောင်ခဲ့သည်။ ဒေါက်တာ ဂေါဒွန်စတစ်လာဆီဂရေ့က ၁၉၂၂ ခုနှစ်တွင် လွှဲပြောင်း ရယူခဲ့ပြီး ၁၉၆၄ ခုနှစ် ဇွန်(၂၇)ရက်တွင် ရွှေလီမြစ်မှ ကျောက်တုံးများဖြင့် ဆေးရုံကိုပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သည်။
နိုင်ငံတော်အစိုးရက ၁၉၆၅ ခုနှစ်၌ နမ့်ခမ်းပြည်သူ့ဆေးရုံဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ယခု အစိုးရသစ် လက်ထက်တွင် နမ့်ခမ်း ပြည်သူ့ဆေးရုံအတွက် ခွဲစိတ်ဆောင် အသစ်တစ်လုံးကို ထပ်မံ တည်ဆောက် ပြီးစီးခဲ့သည်။ နမ့်ခမ်း ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံသည် မြို့ပေါ်ရပ်ကွက်သာမက ကျေးရွာ အုပ်စု(၄၃)အုပ်စု၊ ကျေးရွာပေါင်း (၁၇၄)ရွာ တို့မှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မွန်းလွဲပိုင်းတွင် နမ့်ခမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်နှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့တို့နှင့်တွေ့ဆုံရာတွင် ကော်မတီ၏လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို အသေးစိတ် ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်(၉)ခုအတွက် စာအုပ်စာပေနှင့် ရွှေသံလွင် ကုမ္ပဏီမိသားစုမှ လှူဒါန်းသည့် Sky  Net  DTH  ရုပ်သံလိုင်းဖမ်းစက်များကို ကျေးရွာပေါင်း (၁၃)ရွာမှ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စာကြည့်တိုက် ကြီးကြပ်ရေး ကော်မတီများထံ ပေးအပ်ခဲ့သည်။ (သတင်းစဉ်)


No comments:

Post a Comment