Thursday, March 27, 2014

ဂျပန်နိုင်ငံ အစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန် ဒေါ်လာ ၁၅၀၂၅၁၅ တန်ဖိုးရှိသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ စီမံကိန်းရှစ်ခုထောက်ပံ့

နေပြည်တော် မတ် ၂၆
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr.Mikio NUMATA နှင့် သက်ဆိုင်ရာစီမံကိန်းရှစ်ခုမှ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌများသည် အမေရိကန်ဒေါ်လာ ၁၅၀၂၅၁၅ တန်ဖိုးရှိသော အထောက်အပံ့ ပေးရေးသဘောတူစာချုပ်များကို ယနေ့အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ စီမံကိန်းများမှာပဲခူး တိုင်းဒေသကြီး က၀မြို့နယ် မိုးဂနိမ်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၆၆၄၄၊ ကရင်ပြည်နယ် ဘားအံမြို့နယ် သာမည အခြေခံပညာ မူလတန်း လွန်ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၆၂၇၁၁၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သော်ကမြောင် မျိုးဆက်သစ် လူငယ်ပရဟိတ ဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၁၀၂၅၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမိုင်းအခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁၁၈၁၂၂၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ညောင်ဝိုင်းရွာ ကျေးရွာချင်းဆက် တံတား ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃၀၈၃၂၄၊ ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲ မြကန်သာ အခြေခံပညာ မူလတန်းလွန် ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂၁၆၈၉၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဗန်းမော်ပြည်သူ့ဆေးရုံကြီး တိုးချဲ့မွေးလူနာဆောင် ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၂၂၁၇၃၇၊ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ခေါင်ဖူးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃၂၂၆၃ တို့ဖြစ်ပါသည်။ အဆိုပါ က၀မြို့နယ်၊ ဘားအံမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဟိုပင်မြို့နယ်ခွဲ၊ မြစ်ကြီးနားမြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့မှ ကျောင်းငါးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းတို့တွင် ပညာရည်နို့သောက် သုံးနေကြသော ကျောင်းသားပေါင်း ၂၄၀၀ ခန့်မှာ အိုမင်းဟောင်းနွမ်းနေသော ကျောင်းအဆောက်အအုံများ၊ ပြည့်စုံမျှတမှုမရှိသော စာသင်ခန်း၊ ပတ်ဝန်းကျင်များတွင် သင်ကြားနေရသော အခက်အခဲများရှိနေခဲ့ရာ ဂျပန်နိုင်ငံ အစိုးရမှ ကျောင်းသုံးပရိဘောဂများ အပါအဝင် သန့်ရှင်းသပ်ရပ်သော ကျောင်းစာသင်ခန်းများ၊ ကျောင်းသုံးအိမ်သာ များပါရှိသော သံကူကွန်ကရစ် ကျောင်းဆောင်သစ်များ ထောက်ပံ့ကူညီ ပေးမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် စစ်ကွင်းကျေးရွာအုပ်စုအကြား ကျေးလက်ဖွံ့ဖြိုးရေး လမ်းပေါ်ရှိ တံတားမှာ ပျက်စီးယိုယွင်း နေလျက်ရှိရာ ထိုတံတားကိုအသုံးပြုပြီး သွားလာလှုပ်ရှား နေကြသော ကျေးရွာပေါင်း ၃၆ ရွာ၏ လူမှုစီးပွားအခြေအနေများ ပိုမိုတိုးတက် လာစေရန်အတွက် ခိုင်ခံ့တောင့်တင်း သော သံကူကွန်ကရစ် တံတားတစ်စင်း လိုအပ်လျက်ရှိပါသည်။ ဤကဲ့သို့ အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြစ်သော ပေ ၂၄၀ အရှည်ရှိသော သံကူကွန်ကရစ် တံတား အသစ်တစ်စင်းသည် ဒေသတွင်း ကျေးရွာလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး ကျောင်းသား ကျောင်းသူများ ၊ လူနာများ၊ ဒေသခံ တောင်သူလယ်သမား များ၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ခဲ့မည်ဖြစ်ပါသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သင့်တော်ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန်ရည်ရွယ်ပြီး ဆေးရုံသုံးပစ္စည်းများနှင့်တကွ မွေးလူနာဆောင်အသစ် တစ်ဆောင်ကို ဂျပန်နိုင်ငံအစိုးရက ဗန်းမော်အထွေထွေ ဆေးရုံဝင်းကြီးအတွင်းတွင် ဆောက်လုပ်ကူညီပေးခြင်းအားဖြင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်များ တိုးတက်လာစေမည်ဖြစ်ပါသည်။

ဤကဲ့သို့ ဂျပန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစား စီမံကိန်းများထောက်ပံ့ရေး အစီအစဉ်ဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း ၆၈၅ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့ အနက် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၃၁၁ ခု၊ လမ်း၊တံတားတည်ဆောက်ရေး စီမံကိန်းပေါင်း ၃၁ ခုနှင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တည်ဆောက်ခြင်းနှင့် ဆေးရုံ ဆေးခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း ၁၇၅ ခုတို့ကို ဆောက်လုပ်ကူညီ ပေးခဲ့ပြီးဖြစ်ပါသည်။ ဤ အထောက်အပံ့များသည် ယခုနှစ်တွင် နှစ်နိုင်ငံသံတမန် တည်ထောင်မှုအနှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်သည့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာ လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment